ကျိုက်လတ် ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် “(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့နံနက်ပိုင်းက ရွာသာယာကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က “မြန်မာနိုင်ငံ၏ သမိုင်းကြောင်းနှင့် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများ၊ လွတ်လပ်ရေးနှင့် အမျိုးသားညီညွတ်ရေးတို့၏ အဓိပ္ပာယ်များ၊ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းအကျဉ်း၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များအကြောင်းနှင့် လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး “(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်”အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)က ထုတ်ဝေသည့် “သတင်းစကား” လက်ကမ်းစာစောင်များကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့သည်။ ထို့နောက် “(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်” အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ အဆိုပါ “(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်” (အကြို) အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာထွေးအောင်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၀၀)ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်