ဘားအံ ဇန်နဝါရီ ၃
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့ အထက်ပိုင်ကျုံကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အထက်ပိုင်ကျုံရှိ အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပခဲ့သည်။
ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူနေမှုအဆင့်အတန်းမြင့်မားစေရေးအတွက် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ဖွင့်လှစ်ပေး သည့်လမ်းသည် ပိုင်ကျုံမြို့ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၅) ရပ်ကွက်ကို အဓိကဆက်သွယ် ပေးသောလမ်းဖြစ်ပြီး ပိုင်ကျုံမြို့မှ ထီလုံ(တာပေါင်)-ကော့ကရိတ်(နဘူး)လမ်းသို့ ဆက်သွယ်ထားသော မြို့ချင်းဆက်လမ်းတစ်လမ်းဖြစ်ကာ ဒေသတွင်းလမ်းတံတားများတိုးတက်လာသည်နှင့်အမျှ ဒေသခံပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားလာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းပေါများလာခြင်းနှင့်အတူ လူတစ်ဦးချင်းဝင်ငွေ မြင့်မားလာစေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းဖွင့်ပွဲသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကွန်ကရစ်လမ်းသစ်အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယနေ့ဖွင့်လှစ်သောကွန်ကရစ်လမ်းသစ်သည် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်(၄၉၉ ဒဿမ ၈)သန်းဖြင့် အလျား(၆၅၀၀)ပေ၊ အကျယ်(၁၈)ပေ၊ ထု(၆)လက်မရှိ ကွန်ကရစ်လမ်း အမျိုးအစားဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းဖွင့်ပွဲသို့ တက်ရောက်လာသောယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်၍ အဆိုပါလမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပိုင်ကျုံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်းသို့ရောက်ရှိပြီး စာသင် ခန်း၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံ လုံလောက်မှုရှိ/မရှိ ကြည့်ရှုစစ်ဆေးကာ အထွေထွေအသုံးစရိတ်ငွေကျပ်(၃)သိန်းကို ကျောင်းအုပ် ဆရာမကြီးထံထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပိုင်ကျုံမြို့ မြို့မသာသနာပြု-ပရဟိတကျောင်းတွင် အခြေခံပညာမူလတန်းမှအထက် တန်းထိတက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ ၅၀ ဦးအား ရင်းရင်း နှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီး ကျောင်းထိုင်ဆရာတော် ဥူးဓမ္မသီရိအားဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထု ပစ္စည်းများ၊ အောင်သုခဓမ္မာရုံတည်ဆောက်နိုင်ရေး အတွက် ရန်ပုံငွေကျပ်သိန်း(၇၀)၊ ကျောင်းသား၊ကျောင်းသူများ အတွက် ငွေကျပ်(၅)သိန်းနှင့် နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းကာ အောင်သုခဓမ္မာရုံတည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၏ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး(ငွေလုံးငွေရင်း) ရန်ပုံငွေ (၆၈ ဒဿမ ၆၅၇)သန်းဖြင့် တော်ဝင်ကရင် မိသားစုကုမ္ပဏီမှ ဆောင်ရွက်သော ပိုင်ကျုံမြို့၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းနှင့် ကျမ်းစာသင်ကျောင်းပတ်လမ်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ယနေ့ဖွင့်လှစ်သည့်လမ်းသည် အရှည်(၁၂၀၀)ပေ၊ အကျယ် (၁၂) ပေ၊ ထု(၇)လက်မရှိပြီး ကျမ်းစာ သင်ကြားနေသည့် သင်တန်းသား/သူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအတွက် စိတ်အေး ချမ်းသာစွာ ပညာရပ်များနှင့် ဘာသာရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ကြောင်း သိရှိရပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အဆိုပါလမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ငွေလုံးငွေရင်း) ရန်ပုံငွေ (၃၀၁ ဒဿမ ၅၀၀)သန်းဖြင့် မဟာမြေကုမ္ပဏီမှ ဆောင်ရွက်ပြီးစီးသော ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်-ပညာပလီကျေးရွာချင်းဆက် ကွန်ကရစ်လမ်းဖွင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လမ်းအားဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြသည်။
ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်-ပညာပလီကျေးရွာချင်းဆက်လမ်းသည် အရှည်(၂)မိုင်ရှိပြီး ကွန်ကရစ် လမ်း(၁) မိုင်အား ယာဉ်သွားလမ်းအကျယ်(၁၄)ပေ၊ ထု(၇)လက်မဖြင့် ဆောင်ရွက်ပြီးစီးကာ ကျန်ရှိသည့်လမ်းပိုင်း(၁)မိုင်အား ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကရင် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ခွင့်ပြုဆောင်ရွက်နိုင်ရေး ဦးစားပေးလျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ လှိုင်းဘွဲမြို့နယ်၊ ကမားခို-နောင်ခလုံးကျေးရွာချင်းဆက်လမ်းပေါ်ရှိ သံကူကွန်ကရစ် တံတားဖွင့်ပွဲကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ကမားခို-နောင်ခလုံးကျေးရွာများအပြင် ပညာပလီ၊ လော်ကော်၊ နတ်ကြီး ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်မှုအရ ပညာရေး၊ ကျန်းမာရေးနှင့် အခြားသောလူမှုရေးလုပ်ငန်းများ ပိုမိုလျှင်မြန်ချောမွေ့ စေမည်ဖြစ်သည့်အတွက် ဒေသနေတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးတိုးတက် စေမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လမ်းတံတားများဖွင့်လှစ်ပေးနိုင်ခြင်းသည် ဒေသတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ တည်ငြိမ်အေးချမ်းမှုကို မြတ်နိုးတန်ဖိုးထား၍ ရရှိလာသည့်အသီး အပွင့်များဖြစ်ပြီး ပြည်ပအားကိုးဘေးပယောဂများ၏စကားကို နားမယောင်ဘဲ မိမိဒေသဖွံ့ဖြိုး တိုးတက်ရေးကို အမြင်ကျယ်ကျယ်ဖြင့် ရှုမြင်တတ်ဖို့လိုကာ ယနေ့ဆောင်ရွက်ပြီးစီး ဖွင့်လှစ်လိုက်သည့် လမ်း၊ တံတားများကို ဒေသခံပြည်သူ များအနေဖြင့် တန်ဖိုးထားဝိုင်းဝန်းစောင့်ရှောက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူးဦးအောင်ထွဋ်က ကွန်ကရစ်တံတားတည်ဆောက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ညွှန်ကြားရေးမှူးက တံတားဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ လက်ရောက်ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ကမားခို-နောင်ခလုံး ကျေးရွာချင်းဆက်လမ်းပေါ်ရှိ အရှည်(၉၀)ပေရှိ သံကူကွန်ကရစ်တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖွင့်ပွဲအထိမ်းအမှတ် ကမ္ဗည်းကျောက်စာအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ တတ်ရောက်လာသူများနှင့်အတူ ကမ္ဗည်းကျောက်စာအား အမွှေနံ့သာ ရည်များပက်ဖျန်းပေးကြသည်။
အဆိုပါတံတားသည် ယာဉ်သွားလမ်းအကျယ်(၁၄)ပေ၊ (၈)လက်မထု Slab ၊ ရေလမ်းကြောင်းခန်းဖွင့် အကျယ်(၄၅)ပေ၊ စတီးလက်ရန်းဖြင့် ဆောင်ရွက်ထားပြီး တံတားခံနိုင်ဝန်(၂၀)တန်ရှိကာ ခွင့်ပြုရန်ပုံငွေ(၂၆၀ ဒဿမ ၂၁၇)ကျပ်သန်းဖြင့် ဘောနော်ထူးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပြီးစီး၍ ယနေ့ဖွင့်လှစ်ခြင်းဖြစ်ရာ ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့က တံတားအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)