ဒေးဒရဲမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် အဖွဲ့လိုက်ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပ

ဒေးဒရဲ ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသင်ခန်းစာအပြင် စာပေဗဟုသုတပြည့်စုံနိုင်စေရန် ရည်ရွယ်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် အဖွဲ့လိုက်ကဗျာရွတ်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ (၂)နာရီက  ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်အေးမြမွန်က ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ တီထွင်ကြံဆနိုင်သည့် ဥာဏ်ရည်ဥာဏ်သွေးများရရှိစေရေးအတွက် ပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံပညာမူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် အဖွဲ့လိုက်ကဗျာရွတ်ပြိုင်ပွဲများကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက တပျော်တပါး ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများနှင့် တက်ရောက်လာသူများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များကို လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

အေဇာလင်း