တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၏ တိုင်းသံဃာဆောင် (၄၇)နှစ်ပြည့် အလှူတော်မင်္ဂလာ အခမ်းအနားနှင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတက်ရောက်

ပုသိမ် ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အထွေထွေရောဂါကုဆေးရုံကြီး၏ တိုင်းသံဃာဆောင် (၄၇)နှစ်ပြည့် အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဆေးရုံ၏ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းသံဃာဆောင်ဥက္ကဋ္ဌဆရာတော် မြို့မ ဦးကောဝိဒ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တိုင်းသံဃာဆောင်သို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသည့် သံဃာတော်များအား ဖူးမြော်ကြည်ညို၍ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကိစ္စရပ်များ တင်ပြလျှောက်ထားခဲ့ပြီး တာဝန်ရှိသူများအား သံဃာတော်များအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး၊ ဆေးဝါးနှင့် ဝေယာဝစ္စ ကိစ္စရပ်များအား ပြည့်စုံစွာဆောင်ရွက်ပေးနိုင်ရေး မှာကြားခဲ့သည်။  ယင်းနောက် တိုင်းသံဃာဆောင် (၄၇)နှစ်ပြည့် အလှူတော်မင်္ဂလာ အခမ်းအနား တက်ရောက်ခဲ့ရာတွင် အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တစ်နှစ်တာထာဝရ ငွေပဒေသာပင်အလှူရှင် များအား ဂုဏ်ပြုလွှာများနှင့် တိုင်းသံဃာဆောင်အတွက် အလှူငွေများပေးအပ် လှူဒါန်းခဲ့သည်။

ဆက်လက်၍ တိုင်းသံဃာဆောင်ဥက္ကဋ္ဌဆရာတော် မြို့မဦးကောဝိဒ အရှင်သူမြတ်က တိုင်းသံဃာဆောင်၏ ဆောင်ရွက်မှုများကို ရှင်းလင်း မိန့်ကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သံဃာဆောင်အတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးကိစ္စရပ်များကို တင်ပြ လျှောက်ထားခဲ့ပြီးနောက် "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆို၍ တိုင်းသံဃာဆောင် (၄၇)နှစ်ပြည့် အောင်ပွဲသဘင်အလှူတော်မင်္ဂလာကို ရွှေမိုး၊ ငွေမိုးရွာသွန်းဖြိုး၍ အခမ်းအနား ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူလူထုပူးပေါင်း ဆောင်ရွက်သော  ပုသိမ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ငဝန်ကျွန်းသာ(၁၁)လမ်း  ကွန်ကရစ် လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့သည်။

ဦးစွာ ငဝန်ကျွန်းသာ(၁၁)လမ်း  ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်ပစ္စည်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးထံသို့ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ ဒုတိယအင်ဂျင်နီယာမှူးကြီးနှင့် ပုသိမ်မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌတို့က ပေးအပ်ခဲ့ပြီးနောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့် အတူ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး လမ်းသစ်အားလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူလူထု ပူးပေါင်း ဆောင်ရွက်သော လမ်းဖြစ်ပြီး လမ်းအရှည်(၈၁၀)ပေ၊ အကျယ်(၁၀)ပေ၊ ထု(၈)လက်မ ရှိကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)