ရေနံချောင်းမြို့နယ်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ

ရေနံချောင်း ဇန်နဝါရီ ၃

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက အခြေခံပညာအထက်တန်းကျောင်း (လည်ပေါ်) တွင် ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က ကျောင်းသား၊ ကျောင်းသူလေးများအနေဖြင့် လွတ်လပ်ရေး၏ အနှစ်သာရကိုသိရှိစေရန်နှင့် တန်ဖိုးထားကာကွယ်ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အသက်သွေးချွေးပေါင်းများစွာဖြင့် လွတ်လပ်ရေးရအောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ၊ လွတ်လပ်ရေး၏အဓိပ္ပာယ်စသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်များကို ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူလေးများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “သတင်းစကား” အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်