ပုသိမ် ဇန်နဝါရီ ၃
တိုင်းဒေသကြီး သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီနှင့် တိုင်းဒေသကြီးမြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)တွင် ပြုလုပ်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီနှင့် တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများ တက်ရောက်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီနှင့် တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် အဓိကကျသည့် မဲစာရင်းမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသား တိုင်းနိုင်ငံသားကတ်ပြားကိုင်ဆောင် မဲပေးခွင့်ရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များ မှန်ကန် မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် အဆင့်(၃)ဆင့်ဖြင့်ဆောင်ရွက်ခဲ့ရာ ယခု တတိယအဆင့်အနေဖြင့် ထည့်သွင်းထားသည့် အချက်အလက်များ မှန်ကန်မှု ရှိ/မရှိ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကာ အချက်အလက်များ ပြင်ဆင်ဖြည့်စွက် ထည့်သွင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသက် (၁၈)နှစ်အထက် လူဦရေ စာရင်းအား ပုံစံ(၁) အတည်ပြုစာရင်း ပြုစုခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပြီး ၎င်းပုံစံ(၁) အတည်ပြုစာရင်းသည် ရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်ရေး အတွက် အသုံးပြုနိုင်မည် ဖြစ်ပါကြောင်း၊ ပုံစံ (၁) အတည်ပြုစာရင်းများအား မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်မှ စိစစ်ပြီး ကြီးကြပ်မှုဗဟို ကော်မတီသို့ စာရင်းများပေးပို့ သွားရမည်ဖြစ်ပါကြောင်း၊ ပုံစံ (၁) အတည်ပြုစာရင်းတွင် မပါသင့်သူများမပါရှိရေး အလေးထားဆောင်ရွက်ဖို့ မှာကြားလိုပါကြောင်း၊ မြန်မာနိုင်ငံအတွင်း ၂၀၂၄ခုနှစ်၊ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တို ဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ နိုင်ငံတဝှမ်းလုံးတွင် ကောက်ယူသွားမည် ဖြစ်ပါ ကြောင်း၊ သန်းခေါင်စာရင်းမှရရှိသည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များသည် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များတွင် အကျိုးရှိရှိလုပ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ဖြစ်ပေါ်စေရေးအတွက် အခြေခံအချက်ဖြစ်သည့် မဲစာရင်းများ မှန်ကန်ပြည့်စုံရေးအတွက် အသုံးပြုနိုင် မည်ဖြစ်ပါကြောင်း၊ (၂ဝ၂၄) ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများတွင် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းများအနေဖြင့် အဆောက်အအုံ စာရင်းတင်ခြင်း၊ လူထုအသိပညာပေး Bill Board စိုက်ထူခြင်း၊ စာရင်းစစ်/ စာရင်းကောက်များ ခန့်အပ်ခြင်း၊ သန်းခေါင်စာရင်းသင်တန်းများ ဖွင့်လှစ်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယခုကောက်ယူ မည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းမှရရှိလာမည့် သန်းခေါင်စာရင်း အချက်အလက်များကို မြေပြင်ကွင်းဆင်းခဲ့သည့် လူဦးရေစာရင်းများဖြင့် နှိုင်းယှဉ်တိုက်ဆိုင်ကာ ရွေးကောက်ပွဲ အတွက် မဲစာရင်းပြုစုရာတွင် အထောက်အကူဖြစ်စေရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သောကြောင့် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် မှာကြားလိုပါ ကြောင်း” အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေ များအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ပုသိမ်၊ ကျုံပျော်၊ ဟင်္သာတ၊ မြန်အောင်၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံ၊ လပွတ္တာခရိုင်တို့မှ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် အစည်းအဝေးသို့ တက်ရောက် လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များ အပေါ် ဧရာဝတီတိုင်းဒေသကြီး သန်းခေါင် စာရင်း ကြီးကြပ်မှုကော်မတီနှင့် တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးခဲ့ပြီး လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)