မြောင်းမြ ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် သမဝါယမ ဦးစီးဌာနတွင် မြောင်းမြမြို့နယ် မြမျိုးသန့်မျိုးစေ့ထုတ် သမဝါယမအသင်းသားများအား နွေစပါးမျိုးစေ့ထုတ်ရန်အတွက် ချေးငွေများထုတ်ချေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နွေစပါးမျိုးစေ့အတွက် ချေးငွေများထုတ်ချေးရာတွင် မြောင်းမြမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်စန္ဒာညွန့်က အမှာစကားပြောကြားပြီး အသင်းသားများအား နွေစပါးချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ မြောင်းမြမြို့နယ် မြမျိုးသန့် မျိုးစေ့ထုတ် သမဝါယမအသင်း၏ မိုးစပါးစိုက်ပျိုးထုတ်လုပ်သော အသင်းသား ၃၆ ဦးက သတ်မှတ်ကာလအတွင်း ချေးငွေများ အကြေပေးဆပ်ပြီးဖြစ်သဖြင့်၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ညှိနှိုင်းပေါင်းစပ်၍ နွေရာသီမျိုးစေ့ထုတ်ရန်အတွက် အသင်းသား (၃၀) ဦးအား တစ်ဧကလျှင် (၃) သိန်းနှုန်းဖြင့် (၁၄၃) ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ (၄၂၉)သိန်းအား အသင်းသားများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ အဆိုပါချေးငွေ သတ်မှတ်ကာလမှာ ၁.၁.၂၀၂၄ မှ ၃၀.၆. ၂၀၂၄ အထိ (၆) လ သတ်မှတ်ပြီး ထုတ်ချေးခဲ့ကြောင်း သိရသည်။ ထို့အပြင် အကြိမ်အလိုက် စုဆောင်းငွေအပေါ် ရရှိသော အတိုးများကို အသင်းသားများအား ထုတ်ပေးပြီး အသင်းသားတစ်ဦးလျှင် ဆီတစ်ပိဿာနှင့် ငွေ ၁၀၀၀၀ ကျပ်စီ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက် (မြောင်းမြ)