ကျိုက်လတ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (အကြို) ဌာနများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများ ပြုလုပ်

ကျိုက်လတ် ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို)အဖြစ် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများကို ယမန်နေ့ နေ့လယ်ပိုင်းက လှည်းဆိပ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ရီရီမြင့်က လွတ်လပ်ရေး၏အဓိပ္ပါယ်၊ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊  စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ မူးယစ်ဆေးဝါးသုံးစွဲမှု၏ဆိုးကျိုးများနှင့် လူကုန်ကူးမှုအကြောင်းသိကောင်းစရာများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမိုးမင်းသန်းက စားသုံးသူအခွင့်အရေးအကြောင်း၊ လူသုံးကုန်ပစ္စည်းများနှင့်ပတ်သက်၍ အာမခံကိစ္စများ၊ စားသောက်ကုန်များနှင့်ပတ်သက်၍ ဆိုးဆေးများ၊ တာရှည်ခံဆေးများ၏ ဆိုးကျိုးများ၊ သက်တမ်းလွန် စားသောက်ကုန်များ၏ အန္တရာယ်များအကြောင်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒေါ်မြတ်နိုးသူက အားကစားနှင့်ကာယပညာ၊ လေ့ကျင့်ခန်းများအကြောင်းတို့ကို သရုပ်ပြဟောပြောခဲ့ကြသည်။

ထို့နောက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုအကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ အဆိုပါ “အသိပညာပေးဟောပြောပွဲ”သို့ အ.မ.က (လှည်းဆိပ်)မှ ကျောင်းအုပ်ဆရာကြီးဦးစိုးမြင့်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၀၀)ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။ 

လှိုင်မင်းအောင်