ပုသိမ် ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံပိုးကူညီမှုဖြင့် အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီမှ ကြီးမှူးဖွင့်လှစ်သော အိမ်တွင်းလျှပ်စစ် သွယ်တန်းတပ်ဆင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးမျိုးနိုင်က မိမိနိုင်ငံတွင်လိုအပ်နေသည့် ကျွမ်းကျင်လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် အသက်မွေးဝမ်းကြောင်း အတတ်ပညာသင်ယူမှု အခွင့်အလမ်းများတိုးတက်ရရှိပြီး ဝင်ငွေတိုးတက်ရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းမှရရှိသည့် အတတ်ပညာနှင့်ကျွမ်းကျင်မှုများကိုအသုံးချ၍ လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်နိုင်ကြပြီး ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်နိုင်သည်အထိ ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသားများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
မြင့်ဟန် (ပြန်/ဆက်)