ဝမ်းတွင်းမြို့နယ်၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ

ဝမ်းတွင်း ဇန်နဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (သဲတော)တွင် ပြုလုပ်ခဲ့သည်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖြန့်ဝေခဲ့သော လက်ကမ်းစာစောင်တွင်  “ပြည်တွင်း စည်းလုံးညီညွတ်မှုကသာလျှင် အဓိကအကျဆုံးဖြစ်”၊ “(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက် (၅)ရပ်”၊ “အမျိုးသားညီညွတ်ရေး”၊ “လွတ်လပ်ရေးနှင့်အချုပ်အခြာမျိုးချစ်စိတ်နှင့်ကာကွယ်ပါ”၊ “မြန်မာနိုင်ငံသားတို့၏ မွေးရာပါတာဝန်၊  “လွတ်လပ်ရေးဆိုသည်မှာ”၊ “ရှေ့သို့လှမ်းချီပန်းတိုင်ဆီ” စသည့် အသိပညာ ဗဟုသုတရဖွယ် ကဗျာ၊ ဆောင်းပါးနှင့် သဝဏ်လွှာကောက်နုတ်ချက်များပါဝင်ကြောင်း သိရသည်။

အဆိုပါ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို အခြေခံပညာ အထက်တန်းကျောင်း (သဲတော)၊ အခြေခံပညာအထက်တန်းကျောင်း (ဝမ်းတွင်း)၊ အခြေခံပညာ အထက်တန်းကျောင်း-ခွဲ အမှတ်(၁)၊ ဝမ်းတွင်းဈေးကြီးနှင့် လူစည်ကားရာနေရာများတွင် ဦးစီးအရာရှိ ဒေါ်မူမြစောနှင့်ဝန်ထမ်းများက  ဖြန့်ဝေခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)