ကန်ကြီးထောင့် အောက်တိုဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုမည့် မဲပုံးများနှင့် မဲရုံသုံးပစ္စည်းများကို အောက်တိုဘာ ၂၄ ရက်မှ စတင်၍ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသို့ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မဲရုံသုံးပစ္စည်းများ ထုတ်ပေးရာတွင် မဲပုံးများ၊ ဆန္ဒမဲလက်မှတ်များ၊ ဆန္ဒပြုခန်းများ၊ လုံခြုံရေးကြိုး များ၊ မဲပေးပုံအဆင့်ဆင့် ပညာပေးဗွီဒီယိုခွေများ၊ သိမှတ်ဖွယ်ရာ စာအုပ်များ၊ စည်းမျဉ်းစည်းကမ်း စာအုပ်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းလမ်းညွှန်စာအုပ်များ၊ မဲစာရင်းပုံစံများ၊ လက်သန့်ဆေးရေများ၊ ပလက်စတစ်ခြင်းတောင်းများ၊ မီးအိမ်များ၊ မဲရုံသုံးစာရေး ကိရိယာများ၊ ဆာလာအိတ်များ စသည့် မဲရုံသုံး ပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်အရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံသို့ စိစစ်ထုတ် ပေးလျက်ရှိကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း ၈၀ တွင် မဲရုံပေါင်း ၁၃၉ ရုံနှင့် လက်ရှိ စာရင်းများအရ မဲဆန္ဒရှင်ပြည်သူ တစ်သိန်းသုံးသောင်းကျော် ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
နန်းထိုက် (ပြန်/ဆက်)