ကျွန်းစု ဇန်နဝါရီ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၃-၂ဝ၂၄ ခု၊ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) နှင့် ပြည်သူ့ထည့်ဝင်ငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော ကျောက်ဘောင်စီကွန်ကရစ်လမ်းဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီခွဲ အချိန်က တာရပိုင်းကျေးရွာအုပ်စု၊ တာရပိုင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းသန္တာက ကျေးလက်ဦးစီးဌာန၏ လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကော်မတီဝင် ဦးပြည့်ဖြိုးပိုင်က ကျောက်ဘောင်စီကွန်ကရစ်လမ်း ပြုလုပ်ခြင်းအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကျောက်ဘောင်စီ ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကာ ကျောက်ဘောင်စီ ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း၊ အဆိုပါကွန်ကရစ်လမ်းသည် အရှည် (၂၃၀)ပေ၊ အကျယ် (၆)ပေ၊ အမြင့်(၃)ပေခွဲ ရှိပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၃-၂ဝ၂၄ ခု၊ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ငွေကျပ် (၁၅)သန်း နှင့် ပြည်သူ့ထည့်ဝင်ငွေကျပ် (၈)သန်းတို့ဖြင့် ကျေးရွာကော်မတီဝင်များက တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)