ပန်ဆောင် ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့အတွင်းရှိ ကျေးရွာအများစုတွင် ဆောင်းသီးနှံဖြစ်သည့် နေကြာကို စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း သိရ သည်။
ပန်ဆောင်မြို့အတွင်းရှိ ကျေးရွာများသည် နောင်ယန်းအင်းကမ်းဘေး ဝဲယာတွင် တည်ရှိနေပြီး ဒေသခံတောင်သူများမှာ ရာသီပေါ် သီးနှံများ အပြင် စပါး၊ ပဲ၊ ပြောင်း၊ ကြံစသည့်တို့ကို စိုက်ပျိုးကြသည်။ နောင်ယန်းအင်းရေကျချိန်ဖြစ်သော နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် အင်းဘေး ဝဲယာ၌ မြေဆီသြဇာပြည့်ဝသော နုံးတင်မြေနုများ ဧကပေါင်းများစွာပေါ် ပေါက်လာ ကြသည်။ ထိုနုန်းမြေများပေါ်တွင် ဒေသခံတောင်သူများ အနေဖြင့် နှစ်စဥ်နေကြာစိုက်ပျိုးကာ ဝင်ငွေတိုး၍ အဆင်ပြေကြကြောင်း သိရသည်။
နေကြာစိုက်တောင်သူ တစ်ဦးက ကျွန်တော်က ဒီမြေပေါ်မှာ နှစ်စဉ်ဆောင်းနေကြာ စိုက်ပျိုး ပါတယ်။ နေကြာအထွက်နှုန်းကတော့ရာသီဥတု မှန်ရင်မှန်သလို အထွက်နှုန်းကောင်းပါတယ်။ ပျမ်းမျှအားဖြင့် တစ်ဧကကို နေကြာနေကြာ တင်း ၂၀ ကနေ ၃၀ တင်းလောက် ထွက်ပါတယ်။ အကျိုးအမြတ်များပြားပါတယ်။ နေကြာဧကအများကြီး စိုက်ပျိုးတဲ့ တောင်သူတွေဆိုရင် လုပ်သားတွေအများကြီးငှားရမ်းခေါ်ယူပြီးတော့ လုပ်ကိုင်ကြရကြရပါတယ်။ ကျွန်တော်စိုက်ပျိုးခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ရာသီဥတုဖောက်ပြန်တဲ့ နှစ်တစ်နှစ်ပဲ အကျိုးအမြတ်မရခဲ့တာပါ။ ကျန်တဲ့နှစ်တွေမှာတော့ အဆင်ပြေပါတယ်။ ကျွန်တော်တို့ ဒေသမှာတစ်နှစ်မှ တစ်ကြိမ်သာ စိုက်ပျိုးကြတဲ့ ဆောင်းနေကြာဟာ တောင်သူ တွေအတွက် အကျိုးအမြတ်ဖြစ် ထွန်းစေလို့ စိုက်ပျိုးသင့်တဲ့သီးနှံဖြစ်ပါတယ်ဟု ရှင်းပြသည်။
နေကြာစိုက်တောင်သူများအနေဖြင့် ဆောင်းနေကြာတစ်ဧက စိုက်ပျိုးရန် မျိုးနေကြာ ၃ ပြည်ခွဲခန့်ဖြင့် ထွန်ယက်စိုက်ပျိုးရကြောင်း၊ မျိုးစျေးနှုန်း မှာတစ်တင်းလျှင် ကျပ် ၅၀၀၀၀ မှ ၆၀၀၀၀ ခန့်ရှိရာ အထွက်နှုန်းကောင်းသောမြေတွင် စိုက်ပျိုးခြင်းဖြစ်သဖြင့် တောင်သူများအတွက် အကျိုး အမြတ်များပြားကြောင်း သိရသည်။
ဂျာယော်(ပန်ဆောင်)