သဲကုန်း ဇန်နဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကလေးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကလေးပြိုင်ပွဲတွင် မွေးစမှ ၆ လ၊ ၆ လမှ ၁ နှစ်အထိ ကလေးငယ်များ၊ အမွှာပူးပြိုင်ပွဲများအား ဒိုင်အဖွဲ့များက ကိုယ်အလေးချိန်ခြင်း၊ လက်မောင်းပတ်တိုင်းခြင်း၊ ကလေး၏တစ်ကိုယ်ရည် သန့်ရှင်းရေးစစ်ဆေးခြင်း၊ ကလေးမိခင်များကို ကလေးနှင့်ပတ်သက်သည့် အာဟာရဖြည့်စွက်စာကျွေးနည်း၊ သားဆက်ခြားနည်းနှင့် ကျန်းမာရေးဌာနမှ အသက်အရွယ်အလိုက် ထိုးနှံပေးသည့် ကာကွယ်ဆေးများအကြောင်းကို စစ်ဆေးမေးမြန်းပြီး အကဲဖြတ်အမှတ်ပေးကြသည်။
အဆိုပါ ပြိုင်ပွဲတွင် မွေးစမှ ၆ လ ကလေးငယ်(၁၇)ဦး၊ ၆ လမှ ၁ နှစ်အထိ ကလေးငယ်(၉)ဦး စုစုပေါင်း(၂၆)ဦး ဝင်ရောက်ယှဥ်ပြိုင်ကြပြီး နို့တိုက်မိခင်များနှင့် ကလေးငယ်များအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိဆရာမများက အားဆေးနှင့် ကြက်ဥများပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကိုကျော် (ပြန်/ဆက်)