သဲကုန်းမြို့နယ်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

သဲကုန်း ဇန်နဝါရီ ၃

ပဲခူးတိုင်းဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ​​ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင့်နန္ဒာဌေးက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ယနေ့ကျောင်းသားလူငယ်များ လွတ်လပ်ရေးအား မြတ်နိုးလေးစား တန်ဖိုးထားတတ်စေရန်၊ စာပေဖတ်ရှုလေ့လာပြီး အသိပညာဗဟုသုတ တိုးပွားရရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများနှင့် ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း (သဲကုန်း)မှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၆)ဦးက မိမိတို့လေ့ကျင့်ထားသော ကဗျာများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများကဆုလက်​ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြ၍  (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့်  နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့​ကြသည်။

အခမ်းအနားသို့ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိဘများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ကိုကျော် (ပြန်/ဆက်)