ထီးလင်း အောက်တိုဘာ ၂၇
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကို ပြုလုပ်ကျင်းပသွားမည်ဖြစ်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ အတွက် ဆန္ဒမဲပုံးများ နှင့် ဆက်စပ် ပစ္စည်းများကို ယနေ့ နေ့လယ် ၁ နာရီက အဆိုပါရုံး၌ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထီးလင်းမြို့နယ်တွင် ပြည်သူ့လွှတ်တော် အတွက် ဆန္ဒမဲပုံး(၁၁၆)ခု၊ အမျိုးသား လွှတ်တော်(၁၁၆)ခု၊ တိုင်းဒေသကြီးလွှတ်တော်(၄၁၃)ခု၊ တိုင်းရင်းသားလူမျိုးစုလွှတ်တော် (၁၆၈)ခု၊ စုစုပေါင်း ဆန္ဒမဲပုံး (၈၁၃)ခု နှင့် မဲရုံသုံး ဆက်စပ်ပစ္စည်းများဖြစ်သည့် ဘောပင်၊ ပေတံ၊ ဆော့ပင်(အပြာ)၊ 10 ပင်(အသေး)၊ No.10 Stapler ၊ Correction Pen ၊ ကတ်ကြေး၊ တိတ် (အကြည်)၊ မီးခြစ်၊ ပီနံကြိုးခွေ(အလတ်)၊ ဖယောင်းတိုင် နှင့် သရေကွင်းများအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ ရုံးများအလိုက် ထုတ်ပေးလျက်ရှိသည်။
ထီးလင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၂)ခု၊ ကျေးရွာအုပ်စု(၇၁)အုပ်စု၊ စုစုပေါင်း (၇၃)ခုတွင် မဲရုံပေါင်း(၁၀၀)ရှိပြီး ပါဝင်ယှဉ်ပြိုင်မည့်ပါတီများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ နှင့် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စသည့် နိုင်ငံရေးပါတီ (၅)ခုနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၄)ဦး ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရှိရသည်။
အောင်စည်(ပြန်/ဆက်)