မေတ္တာမြို့၌ ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲ ကျင်းပ

မေတ္တာ ဇန်နဝါရီ ၃          

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၌ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်၊ အားကစားနှင့် ပညာရေးပေါင်းစပ် အထက်တန်းကျောင်းမေတ္တာ၏ ပညာရေးစုံညီပွဲတော်နှင့် ကျောင်းသား၊ကျောင်းသူများအား ဆု‌ပေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မေတ္တာ ဘုရားကျောင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို Grade-10 မှ ကျောင်းသား၊ ကျောင်းသူ‌များက ပညာပန်းခင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်ထီးခူမှ ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာတွင် ကျောင်းသား၊ကျောင်းသူများအနေဖြင့် အားကစားရော ပညာရေးပါ နှစ်ဖြာအကျိုး သယ်ပိုးနေကြသော လူငယ်မောင်မယ်များ  ဖြစ်ကြသည့်အတွက် အခြားကျောင်းသား၊ကျောင်းသူများ ထက်ပိုမိုကြိုးစားလေ့လာသင်ယူကြရန် လိုအပ်ကြောင်း၊ ကျောင်းသား၊ကျောင်းသူအားလုံး ကာယဉာဏ ဘက်စုံဖွံ့ဖြိုးတိုးတက်ကာ အရည်အသွေး ထက်မြက်ပြီး နိုင်ငံတော်အတွက် အားထားရသော ပညာကဏ္ဍ၊ အားကစား ထူးချွန်သူများဖြစ်လာအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ထူးချွန်ဆုရ ရှိကြသော ကျောင်းသား၊ကျောင်းသူများအားနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆရာမ၊  ဆရာမများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးကာ အခမ်းအနား ရုပ်သိမ်းလိုက်‌ပြီး    ဆရာ/ဆရာမများမှ အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

အေးအေးချို (ပြန်/ဆက်)