(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပခုက္ကူမြို့၊ ဗုဒ္ဓကုန်းကမ်းနားလမ်းကွန်ကရစ်ခင်းခြင်း၊ လမ်းဖြတ်တံတားတည်ဆောက်ခြင်းနှင့် Public Area ဖော်ဆောင်ခြင်းလုပ်ငန်းများ ဖွင့်လှစ်

ပခုက္ကူ ဇန်နဝါရီ ၃

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဗုဒ္ဓကုန်းကမ်းနားလမ်းကွန်ကရစ်ခင်းခြင်း၊ လမ်းဖြတ်တံတားတည်ဆောက်ခြင်းနှင့် အများပြည်သူ အပန်းဖြေအနားယူရန်နေရာ (Public Area) ဖော်ဆောင်ခြင်းလုပ်ငန်းများဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ကျင်းပသည်။

အခမ်းအနားတွင် ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်က နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မိမိတို့ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့်လည်း ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် စဉ်ဆက်မပြတ် ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုလို မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်း၊ အများပြည်သူ အပန်းဖြေအနားယူရန်နေရာ(Public Area)ဖော်ဆောင်ခြင်းတို့ကြောင့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စိတ်အေးချမ်းသာစွာ သွားလာလည်ပတ်အပန်းဖြေရင်း ဧရာဝတီမြစ်ကြီး၏ အလှတရားကို အပြည့်အဝခံစားနိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း တိုက်တွန်းအမှာစကားပြောကြားသည်။

ထို့နောက် ပခုက္ကူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇော်နိုင်လင်းက ဗုဒ္ဓကုန်းကမ်းနားလမ်းကွန်ကရစ်ခင်းခြင်း၊ လမ်းဖြတ်တံတားတည်ဆောက်ခြင်းနှင့် အများပြည်သူ အပန်းဖြေအနားယူရန်နေရာ (Public Area)ဖော်ဆောင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အမှတ်(၁)ရပ်ကွက်နေ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပခုက္ကူမြို့၊ ဗုဒ္ဓကုန်းကမ်းနားလမ်းကွန်ကရစ်ခင်းခြင်း၊ လမ်းဖြတ်တံတားတည်ဆောက်ခြင်းနှင့် အများပြည်သူအပန်းဖြေအနားယူရန်နေရာ (Public Area) ဖော်ဆောင်ခြင်းလုပ်ငန်းများအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လုပ်ငန်းပြီးစီးမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှစတင်၍ အရှည် ၂၁၁၉ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၈ လက်မရှိ ဗုဒ္ဓကုန်းကမ်းနားလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ခွင့်ပြုငွေကျပ် ၇၃ ဒသမ ၄၉၈ သန်းဖြင့်လည်းကောင်း၊ အကျယ် ၁၅ ပေ၊ အရှည် ၂၂ပေ၊ အမြင့်၉ပေ၉လက်မရှိ လမ်းဖြတ်တံတားတည်ဆောက်ခြင်းလုပ်ငန်းကို ခွင့်ပြုငွေကျပ် ၂၉ ဒသမ ၀၅၃ သန်းဖြင့်လည်းကောင်း၊ ကမ်းနားလမ်းမီးတိုင် ၁၇တိုင်စိုက်ထူထွန်းညှိခြင်းနှင့် ပေ ၃၀၀ ရှိ Bored Piled အခြေပြုကျောက်စီနံရံတည်ဆောက်ခြင်း စသည့်အပန်းဖြေအနားယူရန်နေရာ (Public Area) ဖော်ဆောင်ခြင်းလုပ်ငန်းကို ခွင့်ပြုငွေကျပ် ၁၈၀ ဒသမ ၃၄၂ သန်းဖြင့် လည်းကောင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် လုပ်ငန်းများ ရာနှုန်းပြည့်အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ပခုက္ကူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇော်နိုင်လင်းထံက သိရသည်။

ဘာမီသာ(ပခုက္ကူ)