သံတောင်ကြီး ဇန်နဝါရီ ၃
ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင်၊ ခရိုင်ပညာရေးမှူးဒိုင်း အခြေခံပညာအဆင့်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က သံတောင်ကြီးမြို့ ဘုရင့်တပ်နယ်စုဝေးကွင်းတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပညာရေးမှူး ဦးတင့်ဝေက ခရိုင်ပညာရေးမှူးဒိုင်း အခြေခံပညာအဆင့်ဘောလုံးပြိုင် ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို အမျိုးသား အထက်တန်းနှင့် အလယ်တန်းအဆင့် အလောင်းဘုရားအသင်းနှင့် ဘုရင့်နောင်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ဘုရင့်နောင်အသင်း က(၂-၁)ဂိုးဖြင့်လည်းကောင်း၊ အမျိုးသမီး ကျန်စစ်သားအသင်းနှင့် ဘုရင့်နောင်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ကျန်စစ်သားအသင်းက (၃-၂) ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်ပညာရေးမှူးဒိုင်း အခြေခံပညာကျောင်းများရှိ အသင်းလိုက်ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများနှင့် တစ်ဦးချင်းစီအလိုက် အကောင်းဆုံးဆုများအား ခရိုင်ပညာရေးမှူး ဦးတင့်ဝေ၊ အ.ထ.ကကျောင်းအုပ်ကြီးများနှင့် အတန်းမှူးများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
နော်နော်မူ