ဟားခါး ဇန်နဝါရီ ၃
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟားခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃−၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဟောက်ကျင်ခုပ်လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ စျေးသစ်ရပ်ကွက်ရှိ အဆိုပါကွန်ကရစ်လမ်းမုခ်ဦး၌ ကျင်းပသည်။
ဦးစွာ ဟောက်ကျင်ခုပ်လမ်း ကွန်ကရစ်လမ်းကို ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်နှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတမ်အောင်ရှိန်းက ကွန်ကရစ်လမ်းဆောက်လုပ်ပြီးစီးနေမှုနှင့် ဟားခါး View Point အဆင့်မြှင့်တင်ဆောင်ရွက်လိုသည့်အချက်များကို ရှင်းလင်းတင်ပြကာ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
အဆိုပါ ကွန်ကရစ်လမ်းသစ်ကို ဟားခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃−၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ် ၂၄၁ ဒသမ ၀၈၀ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းအရှည် ၂၃၂၀ ပေ၊ အကျယ် ၁၂ ပေ ၊ ဒု ၉ လက်မဖြစ်ကာ ဟားခါးမြို့ စျေးသစ်သာယာလှပရေးနှင့် ရပ်ကွက်နေပြည်သူများ သွားလာရေးများစွာ အဆင်ပြေလာမည်ဖြစ်ကြောင်းနှင့် ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်လွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ယဉ်ကျေးမှုအကအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)