ကြံခင်း ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ဆုံလဲကျေးရွာအုပ်စု၊ (အ.ထ.က) ဆိပ်သာကျောင်းတွင် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း၏ ကူညီပံ့ပိုးမှုဖြင့် မြို့နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး "ဆေးလိပ်၊ ဆေးရွက်ကြီးတို့မလို စားရေရိက္ခာကိုသာလို" ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါ ကျောင်းစာသင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က ပြိုင်ပွဲကျင်းပခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ဉာဏ်ရည်မြင့်မားစေ ရေးနှင့် ဖြတ်ထိုးဉာဏ်ဖွံ့ဖြိုး ထက်မြက်စေရန်၊ အသိပညာ ဗဟုသုတစုံလင်စွာ ရရှိစေရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ကြောင်း ပြောကြားပြီးနောက် စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင် ဦးခင်လွင်က အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းအား ရှင်းလင်းပြောကြားသည်။
ထိုနောက် စာစီစာကုံးပြိုင်ပွဲ စတင်ကျင်းပရာ "ဆေးလိပ်၊ ဆေးရွက်ကြီးတို့မလို စားရေရိက္ခာကို သာလို" ခေါင်းစဉ်ဖြင့် (အ.ထ.က) ဆိပ်သာ ကျောင်းမှ(G-9) ကျောင်းသား/ကျောင်းသူ(၃၀)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရ ကျောင်းသား/ သူများအား မြို့နယ်(Community Centre) ခန်းမတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ် ဦးစီးအရာရှိထံက သိရသည်။
ထို့နောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော (၇၆)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များကို မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)