ဟင်္သာတ ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးပြုလုပ်သော မူကြိုအရွယ် ကလေးငယ်များ ကာယဉာဏ စွမ်းရည်ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင်၍ ဟင်္သာတမြို့ မိုးလုံလေလုံအားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အားကစားပြိုင်ပွဲ အခမ်းအနားတွင် ဟင်္သာတမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်အိအိခင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အသင်းအမှုဆောင် ဒေါ်တင်တင်လှိုင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် အားကစားပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ဘောင်းဘီဝတ်၊ အင်္ကျီကြယ်သီးတပ် အားကစားနည်း၊ ဘောလုံးလက်ဆင့်ကမ်း အားကစားနည်း၊ ကုလားထိုင်လုအားကစားနည်း၊ ပူစီပေါင်းဖောက် အားကစားနည်း၊ အာလူးကောက် အားကစားနည်းများကို ဟင်္သာတမြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ဖွင့်လှစ်ထားသည့် ဒူးယားမြို့ မူကြိုကျောင်းနှင့် ဟင်္သာတမြို့ မိခင်ကလေးမူကြိုကျောင်းများမှ ကလေးငယ် များအနက် ၃၅ ဦးတို့မှ ပါဝင်ယှဥ်ပြိုင် ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲများအပြီးတွင် ဟင်္သာတ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အိအိခင်နှင့် အမှုဆောင်များ၊ တာဝန်ရှိသူများ က ဆုရကလေးများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး ပါဝင်ယှဥ်ပြိုင်ခဲ့ကြသူ အားလုံးတို့ကို အမှတ်တရ လက်ဆောင်ပစ္စည်းများ၊ အားဖြည့် အစားအစာနှင့် မုန့်များပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)