လပွတ္တာမြို့နယ် ကိုးနဝင်းကျောင်းတိုက်၌ ဓမ္မစကူးလ်သင်တန်းဆင်းပွဲကျင်းပ

လပွတ္တာ ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကိုးနဝင်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဓမ္မစကူးလ်သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၇ နာရီအချိန်က ကိုနဝင်း ကျောင်းတိုက်ဓမ္မာရုံအတွင်း ကျင်းပခဲ့သည်။ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများက "နမောတဿ" သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ကြပြီး ကိုးနဝင်း ကျောင်းတိုက် စာချကျောင်းဆရာတော်  ဦးဝိစိတ္တသာရထံက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ပေးခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးလာပြီး ယဉ်ကျေးလိမ္မာသော သားကောင်းရတနာ မြောက်မြားစွာ ပေါ်ထွန်းလာမှာဖြစ်လို့ ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဆရာတော်ကြီးနှင့် သင်ကြားပေးသော ဆရာ/ဆရာမများ၊ တာဝန်ရှိသူအားလုံး ကျေးဇူးတင်ပါ ကြောင်း လျှောက်ထားပြောကြားသည်။

ဆက်လက်ပြီး ဓမ္မစကူးလ်တက်ရောက်သော ကျောင်းသား/သူ(၇၅)ဦးအား ရာခိုင်နှုန်းပြည့် ကျောင်းတက်သောသူ/ပျက်ကွက်သောသူ အဆင့်ဆင့်သတ်မှတ်၍ ဆုနှင့်သင်တန်းဆင်း လက်မှတ်များကို တာဝန်ရှိသူများနှင့် အလှူရှင်များက ချီးမြှင့်ပေးအပ်ခဲ့ကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံတိဌတု" သုံးကြိမ်ရွတ်ဆိုပြီးမြောက်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)