ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

ငဖဲ ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများတွင် မီတာ ၁၀၀၊ ၂၀၀အပြေးပြိုင်ပွဲ၊ အပ်နဖားထိုးပြိုင်ပွဲ၊ ဝတ်စုံလုပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဘောလီဘောပြိုင်ပွဲများပါဝင်ပြီး ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်မာမာအေးနှင့် ဆရာ/ဆရာမများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများက ဦးဆောင်၍ကျင်းပပေးခဲ့ရာ အခြေခံပညာ ကျောင်းပေါင်းစုံ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)