သံတောင်ကြီး ဇန်နဝါရီ ၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်စီမံခန်းခွဲမှုဦးစီးဌာန တို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က သံတောင်ကြီးမြို့နယ် မိုးလုံလေလုံအားကစားရုံခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့ အခြေခံပညာအထက်န်းကျောင်းမှ အထက်တန်းပြဆရာ ဦးစောဂေဒိုစိုးက အဖွင့်အမှာစကားပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးပြည့်ဖြိုးဦးက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များ အားကစားပြိုင်ပွဲ ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ နော်လော်မူက(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများနှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများ ပြောကြားပြီး မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန်းခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်လတ်က သဘာဝ ဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများ ရှင်းလင်းဆွေးနွေး ပြောကြားပေးခဲ့သည်။
ထို့နောက်တက်ရောက်လာသည့် ကျောင်းသူ/ကျောင်းသားများက သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
နော်နော်မူ