မြိတ် ဇန်နဝါရီ ၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကျွဲကူးကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ဖြင့် ကျေးရွာလူထုကိုယ်တိုင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၅၀)နှင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ကို (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါ လမ်းသစ် မုခ်ဦးတွင် ဖွင့်လှစ်ခဲ့သည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ကျေးရွာလူထုကိုယ်တိုင် ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်းကွန်ကရစ်လမ်းသည် ဒေသခံပြည်သူများ သွားလာမှုလွယ်ကူစေရန်သာမက ကျေးလက်လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ လမ်းအရှည်သည် (၄၂၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု (၆)လက်မရှိသော ကွန်ကရစ်လမ်းတစ်လမ်းဖြစ်သည်။
အဆိုပါလမ်းသစ်ကို မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြားသည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဦးသင်းဦးက ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဒေသခံပြည်သူများကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ကျေးဇူးတင်စကားပြောကြားသည်။ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသည် ပြည်သူလူထုကိုယ်တိုင် မိမိတို့ကျေးရွာ၏ ပကတိလိုအပ်ချက်ကို ဖော်ထုတ်ပြီး ဦးစားပေးလုပ်ငန်း အလိုက်ဆောင်ရွက်ခြင်းဖြင့် ကျေးရွာ၏အခြေအဆောက်အအုံများကို ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်းဖြစ်ကာ မြိတ်မြို့နယ်အတွင်း၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာ(၁၀)ရွာတွင်(၂၀၂၃-၂၄)ဘဏ္ဍာရေးနှစ် ရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ခိုင်ထူး(ပြန်/ဆက်)