မကွေး ဇန်နဝါရီ ၃
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီက မကွေးမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(ကန်သာ)၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မကွေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက ကျောင်းသား/သူများအား လွတ်လပ်ရေး၏ အနှစ်သာရများအား ကျောင်းသား/ သူများအနေဖြင့် တန်ဖိုးထားသိမြင်နားလည်တတ်စေရေး၊ လွတ်လပ်ရေး၏ အမွေအား လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်တတ်စေရေးတို့ကို ရည်ရွယ်၍ အသိပညာပေးဟောပြောခဲ့ပြီး မကွေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူများအား (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၉၄၆)ခုနှစ်တွင် အလယ်ပစ္စယံညီလာခံ၌ ပြောကြားခဲ့သော အမျိုးသားညီညွတ်ရေး မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်၊ လွတ်လပ်ရေးနေ့၏ တန်ဖိုး၊ ဂုဏ်၊ ဒြပ်များအား ဖော်ကျူးညွှန်းဆိုရေးဖွဲ့ထားသော ဆောင်ပုဒ်၊ ဆောင်းပါး၊ ကာတွန်း၊ ကဗျာများအား ထည့်သွင်းရေးဖွဲ့ အသိပညာပေးထားကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)