တနင်္သာရီ ဇန်နဝါရီ ၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ကျေးလက်နေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ မိသားစုဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာဆောင်ရွက်နိုင်စေရန်၊ အမျိုးသမီးများ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆင်းရဲမှုလျှော့ချစေရေး တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်ချက်များဖြင့် အမျိုးသမီးအခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအစည်းအဝေးခန်းမအတွင်း ကျင်းပြုလုပ်ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးအခြေခံအပ်ချုပ် စက်သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးကအဖွင့်အမှာစကားပြောကြားပေးပြီး၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန်းရီကအမှာစကား ပြောကြားသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး (ကိုယ်စား) ဦးစီးအရာရှိ(နည်းပညာ) ဒေါ်သူဇာမိုးက ၎င်းသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြပြီး သင်တန်းနည်းပြဆရာမဒေါ်ကေခိုင်မိုးက သင်တန်းတွင်သင်ကြားပေးမည့် အခြေခံ အပ်ချုပ်နည်းဘာသာရပ်အမျိုးအစားများနှင့် မိတ်ဆက်ရှင်းလင်းပေးကြောင်း သိရ သည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြတ်စုဝင်းနှင့် အဖွဲ့ဝင်များက အခြေခံအပ်ချုပ်စက်သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများ ပြင်ဆင်ထားရှိမှုကို လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါသင်တန်းတွင် တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲများမှ ဒေသခံအမျိုးသမီးသင်တန်းသူ(၁၀)ဦး တက်ရောက်ကြမည်ဖြစ်ပြီး၊ သင်တန်းကာလမှာ ယနေ့မှစ၍ (၂၉-၂-၂၀၂၄)နေ့အထိ (၂)လဖြစ်ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)