ကော့သောင်းမြို့တွင် ကျောင်းသား၊ကျောင်းသူများ လူငယ်စကားဝိုင်း ပြုလုပ်

ကော့သောင်း ဇန်နဝါရီ ၃

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူ လူငယ်အချင်းချင်း အသိပညာ ဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကော့သောင်းမြို့၊ အ.ထ.က(ခွဲ) အ.လ.က-၂ တွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ရာ အဆိုပါ အခမ်းအနားသို့ သက်ဆိုင်ရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများနှင့် အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဒေါ်တင်သူဇာလှိုင်မှ ကျောင်းသား၊ကျောင်းသူ လူငယ်များ အသိပညာများ တိုးတက်လာစေရန်၊ ပရိသတ်အရှေ့တွင် ရဲဝံ့စွာ ပြောဆိုသည့် အလေ့အထများ ရှိလာစေရန်၊ လူငယ်အချင်းချင်း အသိပညာ အတတ်ပညာ ဖလှယ်တတ်ကြစေရန်၊ တစ်ဦးနဲ့တစ်ဦး ယဉ်ကျေးရည်မွန်စွာ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အမှား၊အမှန် ခွဲခြားတတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ် တိုးတက်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ လူငယ်စကားဝိုင်းများ ကျင်းပရခြင်း ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို စတင်ခဲ့ရာ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက Moderator အဖြစ် ပြုလုပ်ခဲ့ပြီး Grade-10 မှ မသံဆုအိမ်က "လူငယ်နှင့်အနာဂတ်"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 မှ မဥ္ဇူကိုကိုက "လူငယ်နှင့်မူးယစ်ဆေးဝါး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 မှ မရွှေအိမ်စည်ဖူးက "လူငယ်နှင့်ပရဟိတ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မလင်းလက်ဘုန်းမြင့်သွယ်က "ယနေ့လူနေမှုဘဝနှင့်ကျန်းမာရေး" ခေါင်းစဉ်ဖြင့် အသီးသီး ပြောကြားခဲ့ကြသည်။

အဆိုပါ ဆွေးနွေးခဲ့သည့် ခေါင်းစဉ်တစ်ခုချင်းစီအလိုက် လူငယ်စကားဝိုင်း အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား‌/သူများက ဆွေးနွေးခဲ့ကြသော အကြောင်းအရာများနှင့် ပတ်သက်၍ သိလိုသည်များအား မေးမြန်းခဲ့ကြရာ စကားဝိုင်း ဆွေးနွေးကြသည့် ကျောင်းသား/သူများနှင့် သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြသည်။ 

ထို့နောက် အသိပညာပေး စာအုပ်၊စာစောင်များနှင့် နံရံကပ်စာစောင်/ဓာတ်ပုံများ ခင်းကျင်းပြသထားရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)