ပန်းတောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ

ပန်းတောင်း ဇန်နဝါရီ ၃

ပဲခူးတိုင်းဒေသကြီး​၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉:၀၀)အချိန်က အ.မ.က (လွန်) ဝန်လိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မာသီထွန်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူလေးများက ကာယ၊ ဉာဏ၊ စာရိတ္တစွမ်းရည်များနှင့်အတူ ဘက်စုံထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်လေးများ၏ အရည်အချင်းစွမ်းရည်များကို ဂုဏ်ပြုချီးမြှောက်နိုင်စေရန်၊ ထူးချွန်ထက်မြက်သည့် ကျောင်းသား/ ကျောင်းသူလေးများကို စံပြနမူနာယူ၍ ထူးချွန်ထက်မြက်သော ကျောင်းသား/ ကျောင်းသူလေးများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ကျင်းပခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသား/ သူလေးများက “စုံညီပွဲတော်တို့နွှဲပျော်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ဝန်လိုရပ်ကွက် အုပ်ချုပ်ရေးမှူးမှ ကျောင်းသား/ သူလေးများအား တစ်နှစ်ထက်တစ်နှစ် ပိုမိုထူးချွန်တတ်မြောက်လာစေရန်၊ နိုင်ငံ့တာဝန်ပခုံးပြောင်းထမ်းဆောင်နိုင်ကြရန် ပိုမိုကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံထူးချွန် ကျောင်းသား/ ကျောင်းသူများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်မာသီထွန်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေး၊ ဝန်လိုရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖတို့မှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

လပြည့်လင်း (ပြန်/ဆက်)