နတ်မောက် ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာအဖွဲ့တို့ ပူးပေါင်း၍ မြို့မဈေးကြီးအတွင်း တရားမဝင်တင်သွင်းလာသည့် စားသုံးဆီများအား ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းရှိ/မရှိ ယမန်နေ့က စားသုံးဆီအရောင်းဆိုင်များအား လိုက်လံစစ်ဆေးခဲ့ကြသည်။
အဆိုပါလိုက်လံစစ်ဆေးခြင်းသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်ဖြိုးဝေနှင့် မြို့မဈေးတာဝန်ခံတို့က မြို့မဈေးကြီး အတွင်း/အပြင်ရှိ စားသုံးဆီရောင်းချသည့်ဆိုင်များတွင် အများပြည်သူများ နေ့စဉ်ချက်ပြုတ်စားသုံးရာတွင် အသုံးပြုလျက်ရှိသော စားသုံးဆီများ လုံခြုံစိတ်ချမှုရှိသော စားသုံးဆီများဝယ်ယူနိုင်ရေး၊ ရောနှောစားသုံးဆီများ အာမခံချက်မရှိသော စားသုံးဆီများအန္တရာယ်နှင့် ကျန်းမာရေးဆိုင်ရာဆိုးကျိုးများမှ ကာကွယ်နိုင်ရန်အတွက် ထုတ်ကုန်အညွှန်းအမှတ်သားများ ပြည့်စုံစွာဖော်ပြပါရှိသည့် စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်း ရှိ/မရှိနှင့် တရားမဝင်တင်သွင်းလာသည့် ပုဇွန်အမှတ်တံဆိပ်ပါ စားသုံးဆီများ ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
လှဝင်း