ပွင့်ဖြူ ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံပြည်သူများက မုန်းချောင်းရေနှင့် မြေအောက်ရေကို အကျိုးရှိစွာအသုံးချပြီး မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေတိုးပွားစေရန် တစ်ပိုင်တစ်နိုင် ပန်းမုံလာသီးနှံ စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ရောင်းချရာတွင်လည်း ဈေးကောင်းရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စိုက်ပျိုးတောင်သူများထံမှ သိရသည်။
"ကျွန်တော်တို့မြို့နယ်က စိုက်ပျိုးရေဖူလုံစွာရရှိတဲ့အတွက် မြို့ပေါ်ရပ်ကွက်များနှင့် အညာကျေးလက်ဒေသတွေမှာ တစ်ပိုင်တစ်နိုင်ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းကို မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရရှိစေရန် ရည်ရွယ်ပြီး အားထားစိုက်ပျိုးကြပါတယ်။ အဓိကစိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက်သီးနှံတွေကတော့ ပန်းမုံလာ၊ ခရမ်းချဉ်၊ မုံလာဥဖြူ၊ မုံလာဥနီ၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းစိမ်း၊ ခရမ်းညို၊ ကြက်ဟင်းခါး၊ တိုင်ထောင်ပဲ၊ ဘိုစားပဲ၊ ပဲရှည်သီး၊ သခွါးသီး၊ ချဉ်ပေါင်၊ ကန်စွန်း၊ ဟင်းနုနွယ်၊ နံနံပင်၊ ငရုတ်စသည့် သီးနှံများကို စိုက်ပျိုးကြပါတယ်။ ယခုလို ဆောင်းသီးနှံစိုက်ပျိုးရာသီမှာဆိုရင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားတဲ့ ပန်းမုံလာသီးနှံစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါတယ်။ ပန်းမုံလာသီးနှံကို ယခင်က စိုက်ပျိုးသူနည်းပါးပြီး ယခုနောက်ပိုင်း စမ်းသပ်စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းမှုရှိ၍ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများနှင့် ကျေးရွာနေပြည်သူများက တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လာကြတယ်။ ယခုလက်ရှိ ပန်းမုံလာတစ်ထုပ်ကို ငွေကျပ်(၁၀၀၀၊ ၁၃၀၀) ဈေးနဲ့ ရောင်းချရလို့ ဒေသခံတောင်သူတွေ ဈေးကောင်းရရှိပြီး လုပ်ငန်းအဆင်ပြေကြတယ်။ ပန်းမုံလာသီးနှံမှာလည်း အဖြူမျိုးနှင့် အစိမ်းမျိုးဟူ၍(၂)မျိုးရှိပြီး ပန်းမုံလာအဖြူမျိုးက တစ်ပွင့်တည်းသာပွင့်ပြီး အစိမ်းမျိုးကတော့ အနည်းဆုံး နှစ်ပွင့်၊ သုံးပွင့်အထိဆွတ်ခူးရောင်းချရတယ်။ ကျွန်တော်တို့ ဒေသကထွက်ရှိတဲ့ ပန်းမုံလာသီးနှံက အော်ဂဲနစ်စိုက်ပျိုးနည်းစနစ်နဲ့ စိုက်ပျိုးတာကြောင့် သန့်ရှင်းလတ်ဆတ်မှုရှိပြီး အရည်အသွေးကောင်းတော့ ဈေးကွက်မှာ ရောင်းအားကောင်းမွန်လျက်ရှိပါတယ်"ဟု ပွင့်ဖြူမြို့နယ် ရွာသစ်ကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောပြ၍ သိရသည်။
ပန်းမုံလာသီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် စိုက်ပျိုးပြီး (၂)လခွဲခန့်အကြာတွင် ရောင်းတန်းဝင် ပန်းမုံလာထုပ်များကို လှိုင်လှိုင်ဆွတ်ခူးရောင်းချရကြောင်းနှင့် ပွင့်ဖြူမြို့နယ်ဒေသထွက် ပန်းမုံလာများသည် စားသုံးသူပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရန်အတွက် အော်ဂဲနစ်စိုက်ပျိုးရေးနည်းစနစ်ဖြင့် စိုက်ပျိုးကြသဖြင့် သန့်ရှင်းလတ်ဆတ်ပြီး အရည်အသွေးကောင်းမွန်၍ ဈေးကွက်အတွင်း၌ ရောင်းအားမွန်လျက်ရှိနေပြီး အခြားသော မင်းဘူး၊ မကွေးမြို့များကိုလည်း တင်ပို့ရောင်းချနေရကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)