ပွင့်ဖြူမြို့နယ်၌ တစ်ပိုင်တစ်နိုင် ဆောင်းကြက်ရုန်းစံပယ်ပန်း စိုက်ပျိုးကြသူများ အောင်မြင်ဖြစ်ထွန်းပြီး ဝင်ငွေတိုး

ပွင့်ဖြူ ဇန်နဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မြေအောက်ရေဖြင့် တစ်ပိုင်တစ်နိုင် ဆောင်းကြက်ရုန်းစပယ်ပန်း စိုက်ပျိုးကြသူများ အောင်မြင်ဖြစ်ထွန်း၍  မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။ 

စံပယ်ပန်းများစွာရှိသည့်အနက် ကြက်ရုန်းစံပယ်ပန်းသည် ရွှေစံပယ်ပန်းနှင့်တူပြီး အထပ်မများပဲ ပွင့်ဖတ်ထိပ်ဖျားများချွန်ကာ လွန်စွာရနံ့မွှေးလွန်းသည်။ ယင်းကြက်ရုန်းစပယ်ပန်းစိုက်ပျိုးခြင်းကို  ကိုက်ဖြတ်ကူးနည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ပြီး မိုးဦးကျ ဇွန်လနှင့် ဇူလိုင်လတို့တွင် စိုက်ပျိုးရန်အကောင်းဆုံးအချိန်ဖြစ်ကာ မိုးနှောင်းကာလ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ကိုင်းနုများမှ ပန်းအငုံဖူးများ စတင်ပွင့်ဖူးလာပြီး မြေဩဇာကျွေးခြင်းနှင့် ပေါင်းသင်မြေဆွပေးခြင်းများကို ပြုလုပ်ပေးပါက ပိုမိုအောင်မြင်ဖြစ်ထွန်း၍ ရောင်းတန်းဝင်ပန်းပွင့်များကို လှိုင်လှိုင်ဆွတ်ခူး ရောင်းချရကြောင်း သိရသည်။ အဆိုပါ ပန်းစိုက်ပျိုးရေးလုပ်ငန်းကို ဒေသခံပြည်သူများက မိသားစုဝင်ငွေတိုးပွားစေရေးအတွက် မြေအောက်ရေကို အကျိုးရှိစွာအသုံးချပြီး နေအိမ်ဝိုင်းကွက်များရှိ မြေကွက်လပ်များတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြသူများရှိသလို အချို့တောင်သူများက ဉယျာဉ်ခြံမြေများဖြင့် စနစ်တကျ တွင်ကျယ်စွာ စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။   

"ကျွန်တော်တို့ဒေသက စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် ဒေသခံပြည်သူတွေ အများစုက မြေအောက်ရေဖြင့် တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စားပင်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းနဲ့ ဘုရားပန်းစိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပါတယ်။ဘုရားပန်းစိုက်ပျိုးရာတွင် ယခုလိုဆောင်းရာသီမှာ ကြက်ရုန်းစံပယ်ပန်းစိုက်ပျိုးရေးလုပ်ငန်းက အောင်မြင်ဖြစ်ထွန်းမှုရှိပြီးမိသားစုအပိုဝင်ငွေရရှိလို့ ဒေသခံပြည်သူတွေက အားထားစိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ဒေသထွက်ကြက်ရုန်းစံပယ်ပန်းကိုလည်း ဒေသခံပြည်သူတွေက အကြိုက်တွေ့ဝယ်ယူကြလို့ ဈေးကွက်မှာလည်း ရောင်းအားကောင်းမွန်လျက်ရှိပါတယ်။ ဒါ့အပြင် အခြားသော ဘုရားပန်းတွေဖြစ်တဲ့ မေမြို့ပန်း၊ ဂန္ဓမာပန်း၊ နှင်းပန်း၊ နှင်းဆီပန်း ၊ သစ္စာပန်း၊ ကံ့ကော်ပန်း ၊ ရွက်လှပန်းမျိုးစုံနဲ့ ခရေပန်းမျိုးစုံတို့ကိုလည်း စိုက်ပျိုးကြပါတယ်။ ဘုရားပန်းစိုက်ပျိုးလုပ်ငန်းက စနစ်တကျစိုက်ပျိုးလုပ်ကိုင်ပါက နေ့စဉ်ဝင်ငွေရရှိသည့်လုပ်ငန်းဖြစ်၍ တောင်သူတွေ စိုက်ပျိုးလုပ်ကိုင်သင့်ပါတယ်"ဟု ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်မှ တစ်ပိုင်တစ်နိုင် ကြက်ရုန်းစံပယ်ပန်းစိုက်ပျိုး လုပ်ကိုင်သူ ဦးတင်မောင်ငွေက ပြောပြ၍ သိရသည်။ 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)