ပြည်တက္ကသိုလ်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့်စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ပြည် ဇန်နဝါရီ ၃

(၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ် မဉ္ဇူခန်းမဆောင်၌ ကျင်းပရာ ရှေးဦးစွာ ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ပြည်တက္ကသိုလ်သမိုင်းဌာန၊ တွဲဖက်ပါမောက္ခ ဒေါက်တာမြကြီးက လွတ်လပ်ရေး၏ တန်ဖိုးခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှုသမိုင်းကြောင်းအပါအဝင် လွတ်လပ်ရေး၏တန်ဖိုးနှင့် အနှစ်သာရအကြောင်းများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပြီး ယင်းသို့ဟောပြောပေးသော ဒေါက်တာမြကြီးအား မြန်မာစာဌာန ပါမောက္ခဌာနမှူး ဒေါက်တာအေးနုကြည်က အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခဲ့သည်။

ထို့နောက် ပြည်တက္ကသိုလ်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲတို့တွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအားပါမောက္ခချုပ် ဒေါက်တာသက်လွင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာသက်သက်ထွန်းနှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာမြင့်မြင့်ခိုင်တို့ကက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ဆုရရှိသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)