တောင်တွင်းကြီး ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ရန်ပယ်အားကစားကွင်း၌ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်စီမံအုပ်ချုပ်ရေးဌာနအဖွဲ့၏ ကြီးကြပ်မူဖြင့် အားကစားနှင့်ကာယဦးစီးဌာနက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာလူငယ်များ ကာယစွမ်းရည်တိုးတက်လာစေရန်၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တက်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကိုယ်ခန္ဓာကျန်းမာသန်စွမ်းပြီး ထူးချွန်ထက်မြတ်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ဌာနဆိုင်ရာများမှ လူငယ်အသင်းများဖြစ်သည့် မြို့နယ်မြေစာရင်း၊ မြို့နယ်မီးသတ်၊ မြို့နယ်လျှပ်စစ်၊ မြို့နယ်ပညာရေး၊ မြို့နယ်စည်ပင်၊ မီးရထား၊ ကျန်းမာရေး၊ ဝါကြိတ်စက် စသည့် အသင်း(၈)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများအား ဒီဇင်ဘာ(၂၈)ရက်နေ့မှ၍ အုပ်စု(၂)အုပ်စုခွဲကာ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ပထမဆုရရှိသည့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအသင်း၊ ဒုတိယဆုရရှိသည့် မြို့နယ်လျှပ်စစ်အသင်းတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်ခိုင်ထွန်းနှင့် မြို့နယ်ရဲ့တပ်ဖွဲ့မှူး ရဲမှူးရဲမြင့်တို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)