နာဂဒေကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

လဟယ်  အောက်တိုဘာ        ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ တို့ ပေါင်းစပ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ ကြောင်းသိရသည်။

ရှေးဦးစွာ လဟယ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဌ ဦးမျိုးညီညီက အဖွင့်စကားပြောကြား ခဲ့ပြီး လဟယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်နှင်းဟေမာန်လွင် က ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် ဆောင်ရွက်နေသော လုပ်ငန်း များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသောဌာနဆိုင်ရာများက အပြန်အလှန်ဆွေးနွေးရာတွင် မဲရုံ ကြီးကြပ်တာဝန်ထမ်းဆောင်ကြမည့် ဌာနဆိုင်ရာဝန်ထမ်းများအား အုပ်စုအလိုက် တာဝန်ခွဲဝေခြင်းနှင့် မဲရုံလုံခြုံရေးကိစ္စရပ်များ၊ မဲရုံသုံးပစ္စည်းများ အချိန်မှီရောက်ရှိရေး ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါအစည်းအဝေးတွင် ရွေးကောက်ပွဲနေ့ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ မဲရုံ(၁)ရုံလျှင် ဆန်အိတ်(၁)အိတ်နှုန်း မဲရုံ(၁၀၅)ရုံအတွက် ဆန်အိတ်(၁၀၅)အိတ် ထောက်ပံ့ သွားမည်ဖြစ်ကြောင်းသိရသည်။

ရှားဆက်(ပြန်/ဆက်)