ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ဥပ္ပါတသန္တိပါဠိတော် ပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကျင်းပ

ပုသိမ်     ဇန်နဝါရီ    ၂

 ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဥပ္ပါတသန္တိပါဠိတော်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်မှ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားအား “နမောတဿ” (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ အရှင်ဉာဏောဘာသက ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာတော်ဖြင့် သဗ္ဗညုတဘုရားရှင်ကိုပင့်ဆောင်ပူဇော်ခဲ့ပြီး တိုင်းဒေသကြီး သာသနာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူးမှ ဥပ္ပါတသန္တိပါဠိ တရားတော်မြတ်ကို နာကြားနိုင်ရန် နတ်၊ ဗြဟ္မာတို့အားဖိတ်ကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံတော် ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် (အဘိဓဇမ ဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကငါးပါးသီလ ခံယူဆောက်တည် ခဲ့ကြပြီး အလှည့်ကျ ဘာဏက သံဃာတော်အရှင်သူမြတ်များက ဥပ္ပါတသန္တိပါဠိ တရားတော်မြတ်ကို ရွတ်ပွားသရဇ္ဈာယ် ပူဇော်ခဲ့ကြသည်။ ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဆရာတော်သံဃာတော် အရှင်သူမြတ်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဥပ္ပါတသန္တိပါဠိ တရားတော်မြတ်ကို အလှည့်ကျ ဘာဏကသံဃာ တော်အရှင်သူမြတ်များက ယခုလ (၁) ရက်နေ့မှ (၁၀)ရက်နေ့အထိ (၁၀) ရက်တိုင်တိုင် ရွတ်ပွားသရဇ္ဈာယ် ပူဇော်သွားကြမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ပုသိမ်တက္ကသိုလ်ဝန်း တွင်ပြုလုပ်သည့် ပုသိမ်တက္ကသိုလ် ပညာ့ရိပ်သာဖွင့်ပွဲ အခမ်းအနားတက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး Community Centre တွင် အဖွင့်အမှာစကားပြောကြားရာတွင် ပုသိမ်တက္ကသိုလ်အား တက္ကသိုလ်၏ ခမ်းနားထည်ဝါမှုနှင့်လိုက်ဖက်သည့် ပုသိမ်ပညာ့ရိပ်သာကို  ဖွင့်လှစ်ပေးနိုင်သည့်အတွက်မင်္ဂလာရှိသည့် နေ့ပင်ဖြစ်ပါကြောင်း၊ တိုးတက်ပြောင်းလဲလာသည့် ပညာရေးစနစ်များနှင့်အညီ တက္ကသိုလ်များ၏ Mission များသည်ပြောင်းလဲတိုးတက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့၊ သက်ဆိုင်ရာဌာများ၊ တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် ပေါင်းစပ်၍  သုတေသနစာတမ်းဖတ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများအား ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တက္ကသိုလ်၏ အင်္ဂါရပ်များနှင့်အညီ အဆောက်အဦများ၊ လမ်းများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်၍ တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက် အားကိုးအားထားရသည့်လူ့စွမ်းအားအရင်း အမြစ်များမွေးထုတ်ပေးနိုင်ရေးနှင့် အဆောက်အဦများ ရေရှည်တည်တံ့ ကောင်းမွန်စေရေး၊ အသုံးအဆောင်ပစ္စည်းများအား စနစ်တကျကိုင်တွယ် အသုံးပြုစေရေး သန့်ရှင်းသာယာလှပသည့် တက္ကသိုလ်ပရဝုဏ်ဖြစ်စေရေး ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။ ထို့နောက် ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်တက္ကသိုလ်ပညာ့ရိပ်သာ အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ပုသိမ်တက္ကသိုလ် ပညာ့ရိပ်သာတွင် တစ်ခန်းလျှင် ၄၅၀ စတုရန်းပေ ကျယ်ဝန်းပြီး အခန်း ၃၂ ခန်းပါဝင်သည့် ရှစ်ခန်းတွဲလေးထပ်၊ (1 Bed Room) အဆောက်အဦ (၁)လုံး၊ တစ်ခန်းလျှင် ၈၀၀ စတုရန်းပေ ကျယ်ဝန်းပြီး အခန်း ၉၆ခန်းပါဝင်သည့် ရှစ်ခန်းတွဲလေးထပ်၊ (2 Bed Room) အဆောက်အဦ (၃)လုံး၊ တစ်ခန်းလျှင် ၁၂၀၀ စတုရန်းပေ ကျယ်ဝန်းပြီး အခန်း ၃၂ ခန်းပါဝင်သည့် ရှစ်ခန်းတွဲလေးထပ်၊ (3 Bed Room) အဆောက်အဦ (၁)လုံး တို့ဖြင့် စုစုပေါင်း အိပ်ခန်း ၁၆၀ ခန်း၊ GYM အဆောက်အဦ (၁)လုံး၊ Community Centre အဆောက်အဦ (၁)လုံး၊ Outdoor Play Ground (၁)ခု ပါဝင်ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ မြို့နယ်ဆန်စက်ပိုင်အသင်း၊ မြို့နယ်ဆန်ကုန်သည်များ အသင်းတို့မှဆန်တစ်ပြည်လျှင် (၂၆၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြက်ဥ (၁၀)လုံးလျှင် (၂၂၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဘဲဥ (၁၀)လုံးလျှင် (၂၈၀၀) ကျပ်နှုန်းဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ပုသိမ်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ စားအုန်းဆီ ၁ ပိသာ ၅၅၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း ပုသိမ်တက္ကသိုလ်၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ ပုသိမ်ကွန်ပျူတာတက္ကသိုလ်အတွင်းရှိ ဝန်ထမ်းများအား ရောင်းချပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး ဝန်ထမ်းများဝယ်ယူရာ တွင်စနစ်တကျ ရှိစေရေး၊  ဆန်၊ ဆီစသည့် အခြေခံ စားကုန်များအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေး ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

အခြေခံစားကုန်များအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခြင်းကို တိုင်းဒေသကြီး အတွင်းရှိ၊ ခရိုင်များအလိုက် တက္ကသိုလ်များ၊ ပညာရေးဒီဂရီ ကောလိပ်များ၊ အစိုးရစက်မှု လက်မှုသိပ္ပံ၊ စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းများ၊ ဌာနဆိုင်ရာ ရုံးများတွင်လည်း အလားတူ ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)