ထားဝယ် ဇန်နဝါရီ ၂
တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏ဦးဆောင်စီမံမှုဖြင့် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် တိုင်းဒေသကြီးစံပြမိခင်၊ ကလေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ ကလေးပြိုင်ပွဲ မွေးကင်းစမှ(၆)လ၊ (၆)လမှ(၁)နှစ်၊ (၁)နှစ်မှ(၁)နှစ်ခွဲ၊ (၁)နှစ်ခွဲမှ(၂)နှစ် စုစုပေါင်းကလေး(၃၆)ဦးနှင့် စံပြမိခင်(၁၀)ဦးတို့ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များက စိစစ်ရွေးချယ်အကဲဖြတ်အမှတ်ပေးခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာအောင်ငွေစံက စံပြမိခင်၊ ကလေးပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးသော တာဝန်ရှိသူများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးမောင်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးဦးစောမာတင်လူသာ၊ တိုင်းဒေသကြီးမီခင်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စံပြမိခင်နှင့်ကလေးပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)