တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး  မင်းဘူး - စလင်း - တညောင် - ဆိပ်ဖြူ လမ်းပေါ်ရှိ ဆူးလေကုန်းတံတားတည်ဆောက်မှုလုပ်ငန်းကွင်းဆင်းကြည့်ရှုစစ်ဆေး

ဆိပ်ဖြူ ဇန်နဝါရီ ၂

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်သည် မင်းဘူး - စလင်း - တညောင် - ဆိပ်ဖြူလမ်းပေါ်ရှိ  ဆူးလေကုန်းတံတားပေ (၁၂၀၀) တည်ဆောက်မှုလုပ်ငန်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းလုပ်ငန်းကို  နေ့ နံနက် (၁၀) နာရီက ကွင်းဆင်းစစ်ဆေးသည်။

အဆိုပါတံတားတည်ဆောက်ခြင်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၃ - ၂၀၂၄ခုနှစ် ရန်ပုံငွေ ခွင့်ပြုချက်ဖြင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရန်၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍  ဆိပ်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်တို့ဆက်သွယ်ထားရှိသည့် မင်းဘူး - စလင်း - တညောင် - ဆိပ်ဖြူ လမ်းပေါ်ရှိ ဆူးလေကုန်းတံတားပေ (၁၂၀၀) အား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန ၊တံတားအထူး အဖွဲ့ (၃) ပခုက္ကူနှင့် တံတားအထူးအဖွဲ့ (၅) ဆိပ်ဖြူမှ အင်ဂျင်နီယာများက ပူးပေါင်းတည် ဆောက်ပေးလျှက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ်သည် ဆူးလေကုန်းတံတားတည်ဆောက်မှုလုပ်ငန်း တာဝန်ယူတည်ဆောက်လျက်ရှိသည့် တံတားအထူးအဖွဲ့ (၃) ပခုက္ကူနှင့် တံတားအထူးအဖွဲ့ (၅) မှ အင်ဂျင်နီယာများကို တံတားရှင်းလင်းဆောင်ခန်းမ၌ တွေ့ဆုံခဲ့ပြီး တံတားအထူးအဖွဲ့ (၅) ဆိပ်ဖြူက ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ)  ဦးမြင့်နိုင်က ဆူးလေကုန်းတံတား တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန ပခုက္ကူခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးလွင်မျိုးသန့်ကမင်းဘူး - စလင်း - တညောင် - ဆိပ်ဖြူ လမ်း(၁၈)ပေမှ (၂၄)ပေ အကျယ်   ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းနှင့် RCC Box Culvert (၂) စင်းတည်ဆောက်ပြီးစီးမှုတို့ကို ရှင်းလင်းတင်ပြပေးသည်။ ထို့နောက်  တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ဆူးလေကုန်းတံတားပေ (၁၂၀၀) တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးသက်မှတ်ကာလအတွင်း တံတားတည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးစွာဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြားပေးခဲ့ကြောင်း သိရှိရသည်။

ဆူးလေကုန်းတံတားသည် ဆိပ်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်တို့ကြားမှ ဖြတ်သန်းစီးဆင်းသော ဆူးလေကုန်းချောင်းကို ဖြတ်သန်းတည်ဆောက်လျက်ရှိသော ပေ (၁၂၀၀) အရှည် သံကူကွန်ကရစ် အမျိုးအစား တံတားတစ်စင်းဖြစ်ကြောင်း၊ တံတားအလျားခန်းဖွင့် ပေ ၁၀၀ × ၁၂ခန်း ၊ ယာဉ်သွား လမ်းအကျယ် ၃၀ပေ ၁၀ လက်မရှိပြီး ရေလမ်းကင်းလွတ်အကျယ် ၉၆ ပေ ၊ရေလမ်းကင်းလွတ်အမြင့် ၉ ပေ ၁၀ လက်မရှိကြောင်း တံတာတည်ဆောက်ရေးလုပ်ငန်းကို ၂၀၂၃ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင်စတင်တည်ဆောက်ခဲ့ကြောင်း လက်ရှိလုပ်ငန်းပြီးစီးမှုရာခိုင်နှုန်းမှာ ၃၇ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ဆူးလေကုန်းတံတားတည်ဆောက်ရေး တာဝန်ခံအင်ဂျင်နီယာများထံမှ ပြောကြားသိရှိရသည်။

ကိုဇွဲ(အညာမြေ)