ကျောက်ကြီး အောက်တိုဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပ မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပုံးများအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်းကို ယမန်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ သည်။
ကြိုတင်မဲပုံးများ လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာ ကျင်မွေးမှ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် ပတ်သက်၍ လိုက်နာရမည့်အချက်များ ကြိုတင်ဆန္ဒမဲပုံးအား လုံခြုံစွာ ထိန်းသိန်းစောင့်ရှောက်ခြင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်း ရေးမှူး ဒေါ်အိစုထွန်းက ကြိုတင်ဆန္ဒမဲပုံးအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်း အဆင့်ဆင့်ကို ရှင်းလင်း ပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသော နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ အသီးသီး၏ ရှေ့မှောက်၌ ကြိုတင်မဲပုံးအား အဆင့်ဆင့် ချိတ်ပိတ်ခဲ့ကြသည်။
ကျောက်ကြီးမြို့နယ်တွင် မဲရုံပေါင်း (၁၄၆)ရုံ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၈၇၈၈၁)ဦး ရှိပြီး နိုင်ငံပြင်ပရောက်ရှိနေ သည့် နိုင်ငံခြားရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၅၆)ဦး၊ မဲဆန္ဒနယ် ပြင်ပရောက် တပ်မတော်သားများနှင့် ယင်းတို့နှင့်အတူနေ အိမ်ထောင်စုဝင်များ (၄၆၄)ဦး၊ ပြည်တွင်းရှိ သက်ဆိုင်ရာ မဲဆန္ဒနယ် ပြင်ပရောက်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ (၄၃)ဦး စုစုပေါင်း ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ (၇၆၃) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။
K ခိုင် ပြန်/ဆက်