စေတုတ္တရာ ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်သည့် ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသိန်းမင်းဇင်၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး ဝင်းကိုကို၊ မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်၊ အောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးချစ်စန်းမောင်တို့က ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိန်းထက်အောင်က အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်ပညာရေးမှူးဦးသန်းမြိုင်က မြို့နယ်အတွင်းဘဏ္ဍာနှစ်အလိုက် ကျောင်းဆောင်သစ်များ ဆောက်လုပ်မှုနှင့် ပညာရေးဆိုင်ရာများ ပြောကြားပြီးနောက် ချင်းတိုင်းရင်းသားကုမ္ပဏီမှ ဦးဇော်မင်းထွန်းက ကျောင်းဆောင်သစ်အမှုတွဲစာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ မြို့နယ်ပညာရေးမှူးက လက်ခံရယူ၍ အောင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းတင်က ကျောင်းသမိုင်းနှင့် ကျောင်းလုပ်ငန်းများအား ရှင်းလင်းပြောကြားခြင်း၊ အောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအကျိုးတော်ဆောင်တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားကာ အဆိုပါကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပြည်မြန်မာ၊ မြန်မာ့ကျောင်း၊ ဘက်စုံပညာတို့ လှမ်းချီ အစရှိသည့် သီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။
ယနေ့ဖွင့်လှစ်သည့် အောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ်မှာ ပြည်ထောင်စုဘဏ္ဍရန်ပုံငွေ ၉၉ ဒသမ ၇ သန်းဖြင့် (၉၀'×၃၀')အုတ်ညှပ်တစ်ထပ်ကျောင်းဆောင်သစ်ဖြစ်ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)