တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် တက္ကသိုလ်၊ စက်မှုလက်မှုသိပ္ပံနှင့် သူနာပြုသားဖွားသင်တန်းကျောင်းရှိ အဆောင်နေ ကျောင်းသား/သူများအား အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး

ပဲခူး ဇန်နဝါရီ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ယမန်နေ့နံနက်ပိုင်းက တက္ကသိုလ်၊ စက်မှုလက်မှုသိပ္ပံနှင့်သူနာပြုသားဖွားသင်တန်းကျောင်းရှိ အဆောင်နေကျောင်းသား/ သူများအား အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ပဲခူးတက္ကသိုလ်သို့ သွားရောက်ခဲ့ပြီး တက္ကသိုလ်ဝင်းအတွင်းရှိ အဆောင်နေကျောင်းသား/သူများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများမှ တိုက်ရိုက်ဈေးရောင်းချပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တက္ကသိုလ်/ကျောင်းများတွင် အပတ်စဉ်ရောင်းချပေးနိုင်ရေး၊ အသား/ငါး/ဥများ သန့်ရှင်းလတ်ဆတ်မှုရှိစေရေး၊ အခြေခံစားသုံးကုန်များဖြစ်သည့် ဆန်၊ ဆီ၊ သား/ငါးနှင့် သီးခြားစားသုံးကုန်ပစ္စည်းများ အမယ်စုံလာရောက်ရောင်းချပေးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် စက်မှုလက်မှုသိပ္ပံ(ပဲခူး)နှင့် သူနာပြုသားဖွားသင်တန်းကျောင်းများရှိ ကျောင်းသား/သူများ၊ သင်တန်းသူများနှင့် ဆရာ/ဆရာမများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများမှ တိုက်ရိုက်ဈေးရောင်းချပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား/သူများနှင့် သင်တန်းသူများတွက် တစ်လစာ ဆန်နှင့်ဆီအား ထောက်ပံ့ပေးအပ်ခဲ့ပြီး သီးခြားလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ပြည်သူများအတွက် အခြေခံစားသုံးကုန်များဖြစ်သည့် ဆန်၊ ဆီ၊ သား/ငါး/ဥနှင့် ဟင်းသီးဟင်းရွက်များအား ၂၀၂၃ ခုနှစ်၊ ဇွန်လမှစ၍ မြို့နယ်(၂၈)မြို့နယ်ရှိ မြို့မဈေးကြီးများတွင် ဒေသအလိုက် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်းဆိုင်များ နေ့စဉ်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ယခုအခါ တိုင်းဒေသကြီးအတွင်း အဆင့်မြင့်ပညာဦးစီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ သင်တန်းကျောင်းများတွင် ဇန်နဝါရီလ(၁)ရက်နေ့မှစတင်၍ အခြေခံစားသုံးကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် အပတ်စဉ်တိုက်ရိုက်လာရောက် ရောင်းချပေးသွားမည်ကြောင်း သိရှိရသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ရှေးဟောင်းသမိုင်းဝင်စိန်သာလျောင်းဘုရားကြီးအဝင်လမ်း အဆင့်မြှင့်တင်နေမှုနှင့် ပဲခူးသနပ်ပင်လမ်းမပေါ်ရှိ အင်းဝတံခါးပေါက်အနီး ဟံသာဝတီရှေးဟောင်းကျုံးနှင့် ဟံသာဝတီမြို့ရိုး ပြန်လည်တူးဖော်ဆောင်ရွက်နေမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းဧရိယာအတွင်း ကျူးကျော်နေထိုင်မှုများမရှိစေရေး၊ ကျုံးထောင့်စေတီများ ပြန်လည်ဖော်ထုတ်နိုင်ရေး၊ ရှေးမူလက်ရာမပျက်ပြင်ဆင်သွားရန်နှင့် ခရီးသွားပြည်သူများ ဖတ်ရှုလေ့လာနိုင်ရေး သမိုင်းမှတ်တမ်းများ  QR Code စနစ်ဖြင့် ထားရှိသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)