မကွေးမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ကလေးပြပွဲ၊ ပြိုင်ပွဲ၊ ဆုပေးပွဲအခမ်းအနား ကျင်းပ

မကွေး ဇန်နဝါရီ ၂

မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ကလေးပြပွဲ၊ ပြိုင်ပွဲ၊ ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများ၊ တိုင်း/ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ကလေးငယ်များနှင့် ၎င်းတို့၏ မိဘများ တက်ရောက်ကြသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်နှင့် တာဝန်ရှိသူများသည် ကလေးငယ်များ စာရင်းရေးသွင်းနေမှု၊ ကိုယ်အလေးချိန် တိုင်းတာနေမှု၊ အရပ်တိုင်းတာနေမှု၊ လက်မောင်းတိုင်းတာနေမှုနှင့် ကျန်းမာရေးစစ်ဆေးပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်က ယနေ့ကျင်းပသည့် လွတ်လပ်ရေးနေ့အကြို ကလေးပြပွဲ/ ပြိုင်ပွဲသည် နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်နေသော မိခင်များ၊ မွေးကင်းစနှင့် တစ်နှစ်အောက်၊ ငါးနှစ်အောက်ကလေးများ ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများကို လျော့ချနိုင်ရေး ရည်မှန်းချက်ကို မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအနေဖြင့် တစိတ်တဒေသ အကောင်အထည်ဖော် ဆောင်ရွက်နေသော လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊  မိခင်များအနေဖြင့်လည်း  ကလေးများကို လအပိုင်းအခြားအလိုက် ထိုးနှံတိုက်ကျွေးရမည့် ကာကွယ်ဆေးများအကြောင်း၊ အသက်အပိုင်းအခြားအလိုက် ရှိရမည့် ကိုယ်အလေးချိန်၊ အရပ်အမြင့် စသော သတ်မှတ်ချက်များကို သိရှိစေပြီး မိခင်နို့ စနစ်တကျ တိုက်ကျွေးခြင်း၏ ရလာဒ်များကိုလည်း သိရှိလာမှာဖြစ်ပါကြောင်း၊ မိခင်တစ်ယောက်အနေဖြင့် သိသင့်သိထိုက်သော ကျန်းမာရေးဗဟုသုတတွေကို သိရှိလိုက်နာဆောင်ရွက်ပြီး မိမိအတွက်သာမက မိသားစုအတွက် ကလေးကျန်းမာရေးအတွက်ပါ များစွာအကျိုးရှိစေမှာဖြစ်ပါကြောင်း ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲစိုးမှ အမှတ်ပေးစည်းမျဉ်းများအကြောင်းကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကလေးပြပွဲ၊ ပြိုင်ပွဲတွင် အမွှာဆု၊ မွေးစမှ ၆ လအထိ၊ ၆လမှ  တစ်နှစ်ခွဲအထိ၊ တစ်နှစ်ခွဲမှ ၂ နှစ်အထိ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများရရှိသည့် ကလေးငယ်များကို မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ကို (ပြန်/ဆက်)