ပန်းတောင်း ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ညောင်ပင်ကုန်းကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:၀၀) နာရီအချိန်က ညောင်ပင်ကုန်းကျေးရွာတွင် ကျင်းပခဲ့သည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်သော ညောင်ပင်ကုန်းကျေးရွာ၊ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ ကျေးရွာသူ/ သားများ၊ ရပ်မိရပ်ဖများ၊ စီမံကိန်းကော်မတီဝင်များနှင့် ဌာနဝန်ထမ်းများ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင့် အောင်မြင်စွာ ဆောင်ရွက်ပြီးစီးနိုင်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေနှင့်ဦးမှ ပန်းတောင်းမြို့နယ်တွင်း ကျေးရွာအုပ်စု (၄၁)အုပ်စု၊ အမည်ပေါက်ကျေးရွာပေါင်း (၂၁၀)ရွာရှိရာ VDP စီမံကိန်းအား ကျေးရွာများတွင် ဦးစားပေးလိုအပ်ချက်များအရ နှစ်အလိုက် ဘဏ္ဍာရေးရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကျေးရွာသူ/ သားများကိုယ်စား စွယ်တော်ကျေးရွာဥက္ကဋ္ဌ ဦးသောင်းဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရွာတွင်းကွန်းကရစ်လမ်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့သည်။
လပြည့်လင်း (ပြန်/ဆက်)