ပေါက်ခေါင်းမြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာ‌ပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်နှင့်စာအုပ်ပြပွဲကျင်းပ

ပေါက်ခေါင်း ဇန်နဝါရီ     ၂

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ ကျောင်းသူများအား လွတ်လပ်‌ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းအ‌ကြောင်းအရာများ၊ စာဖတ်ရှိန်မြင့်မားရေးနှင့် ဉာဏ်ရည်ဉာဏ်သွေးထူးချွန်ထက်မြတ်သော ကျောင်းသားလူငယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ဟောပြောပွဲနှင့်ပြပွဲများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် လူငယ်ရေးရာအသိပညာ‌ပေးနှင့် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောခဲ့ပြီး၊ ကဗျာဆရာမ မလေးချို(ပေါင်းတည်)က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများ၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ရပုံများအကြောင်း သိကောင်းစရာများကို အသိပညာ‌ပေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိ‌စေရန် သုတ၊ ရသစာအုပ်များပါဝင်သော စာအုပ်ပြပွဲပြသပြီး၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုအမိန့်များ၊ လွတ်လပ်ရေးအတွက် နိုင်ငံရေးလှုပ်ရှားမှုမှတ်တမ်းများပါဝင်သော အသိပညာပေးနံရံကပ်စာစောင်ပြသဆောင်ရွက်ခဲ့ကြောင်းနှင့် (၇၆) နှစ်‌မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

သန်းထွန်းအောင် (ပြန်/ဆက်)