ပေါင်းတည်၌ ဈေးများမီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်

ပေါင်းတည် ဇန်နဝါရီ ၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာရေးအဖွဲ့တို့ပူးပေါင်း၍ ဈေးများမီးလောင်မှုနှင့် ဆုံးရှုံးမှုတန်ဖိုး လျှော့နည်းစေရေးတို့အတွက် ရည်ရွယ်၍ မီးဘေးလုံခြုံရေး ကြိုတင်ဆောင်ရွက်မှုအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက စည်ပင်သာယာရေးအဖွဲပိုင်စျေးများတွင် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါ ဆောင်ရွက်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ စျေးအကျိုးတော်ဆောင်များ၊ စျေးသူ စျေးသား ပြည်သူများတက်ရောက်ကြည့်ရှုကြသည်။

ဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူဝင်းက မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်နည်းနှင့် မီးလောင်ရာတွင် အရေးပေါ်ဆောင်ရွက်ရမည့်အချက်များကို စျေးသူ စျေးသား ပြည်သူများအားအသိပညာပေးဟောပြောပြီး မီးသတ်တပ်ဖွဲဝင်များက မီးသတ်ယာဉ် ၅ စီးဖြင့် မီးငြိမ်းသတ်မှု၊ မီးသတ်ဆေးဗူး၊ရေစိုအဝတ်များဖြင့် မီးငြှိမ်းသတ်မှုများကို သရုပ်ပြသကြသည်။ ယင်းနောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စွာလင်းက စျေးအတွင်းမီးသတ်ရေကန်များ၊ မီးသတ်ကရိယာများ အသင့်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြသရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကကြည့်ရှုစစ်ဆေးကြသည်။

အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မီးဘေးအန္တရာယ်ကို အထူးကြပ်မတ်ကာကွယ်ဆောင်ရွက်ရေး၊ စျေးအတွင်းလူသွားလမ်းများ ကျဉ်းမြောင်းမှုမရှိစေရန်နှင့် ဝင်လမ်း ထွက်လမ်း ကောင်းမွန်စေရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)