စလင်းမြို့နယ် ပြည်သူ့အားကစားကွင်း၌ ဌာနဆိုင်ရာဝန်ထမ်းစုပေါင်း (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

စလင်း ဇန်နဝါရီ  ၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပြည်သူ့အားကစားကွင်းအတွင်း၌ ဌာနဆိုင်ရာများစုပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်၈နာရီအချိန်မှ စတင်ကာ  ဌာနဆိုင်ရာဝန်ထမ်းများ ကာယစွမ်းရည်ပြိုင်ပွဲဖြစ်သည့်  အမျိုးသား၊ အမျိုးသမီး ထုပ်ဆီးတိုး၊ လွန်ဆွဲပြိုင်ပွဲများကို ကျင်းပခဲ့ကြောင်း သိရသည်။

ကာယစွမ်းရည်ပြိုင်ပွဲများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အမျိုးသားလွန်ဆွဲပြိုင်ပွဲနှင့်  အမျိုးသမီးထုပ်ဆီးတိုးပြိုင်ပွဲများကို  ကျင်းပပြုလုပ်လျက်ရှိရာ အမျိုးသားလွန်ဆွဲပြိုင်ပွဲ  ပွဲစဥ်တွင်  အသင်း(၇)သင်း ပါဝင်ယှဥ်ပြိုင်ကြမည်ဖြစ်ပြီး  ထွေအုပ်၊ ဥပဒေ၊ သစ်စိမ်း၊ မီးသတ်၊ လယ်အင်း၊ ရဲတပ်ဖွဲ့၊ ပညာရေးအသင်းတို့ ပါဝင်ယှဥ်ပြိုင်ကြမည်ဖြစ်ကာ အမျိုးသမီးထုပ်ဆီးတိုးပြိုင်ပွဲတွင် စိုက်ပျိုးရေး၊ ထွေအုပ်၊ ပညာရေး၊ စာရင်းစစ်ရုံး၊ ရဲတပ်ဖွဲ့အသင်းတို့ ယှဥ်ပြိုင်ကစားကြမည်ဖြစ်ကြောင်းနှင့် လွန်ဆွဲပွဲပထမပွဲစဥ်တွင် ထွေအုပ်နှင့်ဥပဒေအသင်းတို့ ယှဥ်ပြိုင်ကစားကြရာ ဥပဒေအသင်းက နှစ်ပွဲတစ်ပွဲဖြင့်လည်းကောင်း၊ ထုပ်ဆီးတိုးအမျိုးသမီးပြိုင်ပွဲတွင် ထွေအုပ်နှင့်စိုက်ပျိုးရေးအသင်းတို့ ယှဥ်ပြိုင်ကစားကြရာ ထွေအုပ်အသင်းမှ အနိုင်ရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲများကို ပတ်လည်ယှဥ်ပြိုင်ကစားကြမည်ဖြစ်ရာ အနိုင်ရရှိသည့်အသင်းများကို လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

ပြိုင်ပွဲများကျင်းပရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေလင်းနိုင် တက်ရောက်၍ အားကစားယှဥ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်းနှင့်ပြိုင်ပွဲအား ဌာနဆိုင်ရာများ  ချစ်ခင်ရင်းနှီးမှုကိုရရှိစေရန်နှင့်  စုပေါင်းဆောင်ရွက်အောင်မြင်ပုံတို့ကိုရည်ရွယ်၍  ထုပ်ဆီးတိုးပြိုင်ပွဲနှင့်လွန်ဆွဲပြိုင်ပွဲများကို  ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း  သိရှိရသည်။

(မောင်လွင်)စလင်း