(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများ ကျင်းပ

 

ကန့်ဘလူ ဇန်နဝါရီ ၂

လွတ်လပ်ရေးရယူပေးခဲ့သော နိုင်ငံ့ခေါင်းဆောင်ကြီးများ၏ ကျေးဇူးကြီးမားပုံ၊ လွတ်လပ်ရေးနေ့အကြောင်းများကို သိရှိနားလည်စေရန် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ကန့်ဘလူမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲများတွင် အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် “သူ့ကျွန်မခံ ဇာတိမာန်” ခေါင်းစဥ်ဖြင့် ကျောင်းသားကျောင်းသူ ၂၂ ဦး၊ ကဗျာပြိုင်ပွဲတွင် “ဘိုးဘွားပေးဝေချစ်အမွေ” ခေါင်းစဥ်ဖြင့် ကျောင်းသားကျောင်းသူ ၁၄ ဦး၊ ပန်းချီပြိုင်ပွဲတွင် “လွတ်လပ်ရေးပွဲတော် တို့နွှဲပျော် ” ခေါင်းစဥ်ဖြင့် ကျောင်းသားကျောင်းသူ ၉ ဦး စုစုပေါင်း ၄၅ ဦးဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။ပြိုင်ပွဲ၌ ဆုရရှိသူများကို လွတ်လပ်ရေးနေ့အခမ်းအနား တွင် ဆုများချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး သက်ဆိုင်ရာကျောင်းများမှ ပထမ၊ ဒုတိယနှင့် တတိယရရှိသူများကို မြို့နယ်အဆင့် ယှဥ် ပြိုင်ကြခြင်းဖြစ်ကြောင်းနှင့် ကျောင်းများတွင်လည်း ပျော်ပွဲရွှင်ပွဲနှင့်အားကစားပြိုင်ပွဲများ ကျင်းပပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)