ပွင့်ဖြူ ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားသုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇန်နဝါရီ ၁ ရက်နေ့ နံနက်ပိုင်းကစတင်ပြီး မြို့နယ်အားကစားကွင်း၌ ကျင်းပလျက်ရှိကြောင်း အဆိုပါ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးဦးရန်လင်းအောင်ထံမှ သိရသည်။
ပွင့်ဖြူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ လူငယ်မောင်မယ်များနှင့် ကျောင်းနေအရွယ်ကလေးများ ဗလငါးတန် ဖွံ့ဖြိုးစေရန်နှင့် ကိုယ်ခန္ဓာကျန်းမာသန်စွမ်းပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ နှစ်စဉ်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်း၊ ဖူဆယ်၊ ခေါင်းအုံးရိုက်၊ ပြေးခုန်ပစ် စသည့် အားကစားပြိုင်ပွဲများကို စီစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရကာ ယခုနှစ်တွင်လည်း (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အမျိုးသားသုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲကို စီစဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယင်းပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ ပိုက်ကျော်ခြင်း အားကစားဝါသနာရှင် အသင်း(၈)သင်းက ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် ပျော်ပွဲရွှင်ပွဲအဖြစ် ကွင်းတွင်းအားကစားပြိုင်ပွဲများဖြစ်သည့် လွန်ဆွဲ၊ ခေါင်းအုံးရိုက်၊ ခြေပူးပြေး၊ စကောရွက်၊ အပြေးပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲများကိုလည်း ဇန်နဝါရီလ(၄)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် စီစဉ်ကျင်းပပြုလုပ်သည့် အမျိုးသားသုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲအပါအဝင် ပျော်ပွဲရွှင်ပွဲ ကွင်းတွင်းအားကစားပြိုင်ပွဲများတွင် ဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူးဦးရန်လင်းအောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)