ကန့်ဘလူ ဇန်နဝါရီ ၄
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ အသက် နှစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ဇန်နဝါရီ ၁ ရက်နံနက် ၉ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ စတင်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက် ငါးခုအတွင်းရှိ ကလေးငယ်များ၊ ကျေးရွာများမှ ကလေးငယ်များအား အသက်အပိုင်းအခြား အလိုက်ဆုံဆို့၊ ကြက်ညှာ၊မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ) ၊ ဂျပန်ဦးနှောက်အမြှေးရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးထိုးနှံပေးခြင်းကိုလည်းကောင်း စနစ်တကျဆောင် ရွက်ပေးသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို လစဥ်လဆန်းရက်များ၌ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိပြီး သတ်မှတ်ရက်များအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)